ဘိုကလေးမြို့နယ်တွင် (၃၃)ကြိမ်မြောက် နိကာယ်ငါးရပ်စာမေးပွဲ စတင်ကျင်းပ

ဘိုကလေး ဇန်နဝါရီ ၂၄

ဗုဒ္ဓသာသနာတော် ထွန်းကားတည်တံ့ရေးအတွက် အခြေခံအကျဆုံးဖြစ်သော ပရိယတ္တိသာသနာ တိုးတက်ပြန့်ပွားရေးကို ရည်ရွယ်ကာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ပဉ္စနိကာယမဟာသီဝံကျောင်းတိုက်တွင် မြို့နယ်နိကာယ်သာသနာတော် ထွန်းလင်းတောက်ပရေးအသင်းမှကြီးမှူး၍ (၃၃)ကြိမ်မြောက် နိကာယ်ငါးရပ်စာမေးပွဲကို ယနေ့မွန်းတည့် (၁၂)နာရီ အချိန်မှစတင်၍ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စာမေးပွဲသို့ မော်လမြိုင်ကျွန်းမြို့နယ်နှင့် ဘိုကလေးမြို့နယ်အတွင်းမှ ဓာတုကထာနှင့် ပုဂ္ဂလပညတ်တန်း (၁)ပါး၊ စူဠပဗ္ဗ ပထမအဆင့် (၇၃)ပါး၊ စူဠပဗ္ဗ ဒုတိယအဆင့် (၅၂)ပါး၊ စုစုပေါင်း ရဟန်းနှင့် ရှင်သာမဏေ (၁၂၆)ပါး ဝင်ရောက်ဖြေဆိုကြကြောင်းနှင့် စာမေးပွဲအား ယနေ့ ဇန်နဝါရီ (၂၄)ရက်မှ (၂၆)ရက်နေ့အထိ (၃)ရက်တာ နေ့စဉ်မွန်းတည့် (၁၂)နာရီမှ ညနေ(၄)နာရီအထိ ကျင်းပမည်ဖြစ်ပြီး စာအောင်သဘင်အား ဇန်နဝါရီ (၂၈)ရက်နေ့တွင် ချီးမြှင့်အပ်နှင်းသွားမည်ဖြစ်ကြောင်း စာမေးပွဲကျင်းပရေးကော်မတီထံမှ သိရသည်။

စာဖြေစဉ်ကာလလတစ်‌လျှောက် စာမေးပွဲအောင်မြင်စွာ ကျင်းပဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်နိကာယ်သာသနာတော် ထွန်းလင်းတောက်ပရေးအသင်းနှင့်အတူ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအပါအဝင် ဌာနဆိုင်ရာများကလည်း ကော်မတီဝင်များအဖြစ်  ပူးပေါင်းပါဝင် ကုသိုလ်ပြုဆောင်ရွက်ကြကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)