သုံးခွ ဇန်နဝါရီ ၂၅
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအပိုင်း(၃)အား ဇန်နဝါရီ(၂၅)ရက်နေ့ ယနေ့တွင် စတင်ကျင်းပလျက်ရှိရာ ရန်ကုန် တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၌ ယနေ့ နံနက် (၆)နာရီမှ စတင်ကာ မဲရုံအသီးသီး၌ မဲဆန္ဒရှင်ပြည်သူများက လွတ်လပ်စွာ စနစ်တကျ ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။
မဲရုံမဖွင့်လှစ်မီ မဲရုံတာဝန်ရှိသူများက လွှတ်တော်တစ်ရပ်စီအတွက် ထိန်းချုပ်စက်၊ ဆန္ဒပြုစက်နှင့် မဲပေးစက်ဖော်ပြသည့်စက်တို့ပါဝင်သော အီလက်ထရောနစ်မဲပေးစက်တို့ကို စနစ်တကျတပ်ဆင်ကာ နံနက်(၆)နာရီတိတိတွင် မဲရုံမှူးက မဲရုံဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် မဲဆန္ဒရှင် ပြည်သူများမှ လွှတ်တော်အသီးသီးအတွက် မဲပေးစက်ဆန္ဒမဲပေးခန်းများ၌ လွတ်လပ်စွာ မိမိဆန္ဒပြုသည့် ကိုယ်စားလှယ်အား လွတ်လပ်စွာမဲထည့်ခဲ့ကြောင်း သိရသည်။
သုံးခွမြို့နယ်အနေဖြင့် ရပ်ကွက်(၁၂)ရပ်ကွက်၊ ကျေးရွာအုပ်စု(၆၄)အုပ်စုရှိရာတွင် မဲရုံပေါင်း(၁၃၄)ရုံ ဖွင့်လှစ်ထားရှိပြီး ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူ စုစုပေါင်း (၁၃၄၇၀၈)ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှသိရှိရပြီး မဲပေးပိုင်ခွင့်ရှိသူ ပြည်သူများ အေးချမ်းလုံခြုံစွာ ဆန္ဒမဲပေးနေလျက်ရှိကြောင်း သိရသည်။
စည်သူလင်း(ပြန်/ဆက်)