ငရုတ်ကောင်းမြို့၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃)တွင် ပြည်သူများ စိတ်အေးချမ်းစွာ မဲပေးလျက်ရှိ

ငရုတ်ကောင်း ဇန်နဝါရီ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ငရုတ်‌ကောင်းမြို့၌ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်‌နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကို စတင်ကျင်းပပြုလုပ်ရာ ပြည်သူများ စိတ်အေးချမ်းစွာ လာရောက်မဲပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကျင်းပလျက်ရှိရာတွင် ယနေ့နံနက် (၆) နာရီတိတိတွင် မဲရုံမှူးက မဲရုံဖွင့်လှစ်‌ပေးခဲ့ရာ ငရုတ်ကောင်းမြို့ပေါ်ရပ်ကွက် (၂)ခုနှင့် ကျေးရွာအုပ်စုမဲရုံအသီးသီး၌ ဆန္ဒမဲပေးရန် စောင့်ဆိုင်းနေသည့် မဲဆန္ဒရှင်ပြည်သူများမှ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်အတူ မဲစာရင်းလက်မှတ်ပြသပြီး လျှို့ဝှက်ဆန္ဒပြုခန်းများ၌ မြန်မာအီလက်ထရောနစ်မဲပေးစက် MEVM စက်များဖြင့် လွှတ်တော်အသီးသီးအတွက် ကိုယ်စားလှယ်များကို လွတ်လပ်စွာ ဆန္ဒပြုရွေးချယ် မဲပေးလျက်ရှိသည်။

ငရုတ်ကောင်းမြို့တွင် ၂၀၂၆ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၃)အတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း (၂၃၅၆၉) ဦးရှိပြီး၊ ငရုတ်‌ကောင်းမြို့တွင် ရပ်ကွက်(၂)ခုနှင့် ကျေးရွာအုပ်စု (၁၁) အုပ်စုတွင် မဲရုံပေါင်း(၃၅)ရုံ ဖွင့်လှစ်ကာ ပြည်များ ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

ငရုတ်ကောင်းမြို့တွင် ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီ (၇) ခု ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၅)ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် (၅)ဦး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၇)ဦး၊ ကရင် တိုင်းရင်းသားလူမျိုး လွှတ်တော် ကိုယ်စားလှယ် (၄)ဦးနှင့် ရခိုင်တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ် (၅)ဦးတို့ အသီးသီးဝင်ရောက် ယှဉ်ပြိုင်ကြကြောင်း သိရသည်။

ငရုတ်ကောင်း (ပြန်/ဆက်)