တာမွေမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲလာရောက်ပေးနေမှုအခြေအနေအား ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဒေါ်ဖြူမာဝေလိုက်လံကြည့်ရှုအားပေး

တာမွေ ဇန်နဝါရီ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကို ယနေ့နံနက်ပိုင်းအချိန်မှ စတင်၍ ကျင်းပပြုလုပ်ခဲ့ရာ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မြို့နယ်အတွင်းရှိ သက်ဆိုင်ရာမဲရုံများအလိုက် မည်သည့်ဖိအားတစ်စုံတစ်ရာမျှမပါရှိဘဲ မိမိတို့၏ လွတ်လပ်သည့် သဘောထားဆန္ဒများအလျောက် စိတ်အားထက်သန်စွာ တက်တက်ကြွကြွ စည်းကမ်းရှိရှိ နိုင်ငံကြီးသားပီသစွာဖြင့် တစ်ခဲနက်ဆန္ဒမဲလာရောက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုကဲ့သို့ တာမွေမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ စိတ်အေးချမ်းသာစွာ လွတ်လွတ်လပ်လပ် ဆန္ဒမဲလာရောက်ပေးနေမှုအခြေအနေအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဥပဒေချုပ် ဒေါ်ဖြူမာဝေ၊ သင်္ဃန်းကျွန်းခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးထိုက်၊ တာမွေမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမျိုးအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ပြီး ဆန္ဒမဲလာရောက်ပေးသည့် မဲဆန္ဒရှင်ပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့သည်။

တာမွေမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ စိတ်အေးချမ်းသာစွာ လွတ်လွတ်လပ်လပ် ဆန္ဒမဲလာရောက်ပေးရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ မြို့နယ်အဆင့်လုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိ ရပ်ကွက်များမှ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်စာရေးဝန်ထမ်းများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်ရှိ ရပ်ကွက် (၂၀) တွင် မဲရုံပေါင်း (၅၄) ရုံရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူဦး‌ရေ (၈၉၄၈၄) ဦးထိရှိကြောင်း၊ ယနေ့ကျင်းပသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သည့် နိုင်ငံရေးပါတီ (၉) ခုရှိပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း (၇) ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း (၈) ဦး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း (၇) ဦး၊ ကရင်တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်း (၄) ဦးနှင့် ရခိုင်တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်း (၆) ဦး စုစုပေါင်းလွှတ်တော်ကိုယ်စားလှယ်လောင်း (၃၂) ဦးတို့ အသီးသီးပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

ထက်တံခွန် (ပြန်/ဆက်)