တာမွေ ဇန်နဝါရီ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကို ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်မြို့ တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက် အိုးစု(၃)လမ်းရှိ အမှတ်(၁၁)အခြေခံပညာ အလယ်တန်းကျောင်း၌ ဖွင့်လှစ်ထားသည့် မဲရုံအမှတ်(၃)တွင် ယနေ့နံနက်ပိုင်းအချိန်က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှု ဝန်ထမ်းဦးစီးဌာန လက်အောက်ရှိ နားမကြားသော ကလေးများကျောင်း (ရန်ကုန်)မှ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ကျောင်းသား၊ ကျောင်းသူလေးများအနေဖြင့် မည်သည့် ဖိအားတစ်စုံတစ်ရာမျှ မပါရှိဘဲ မိမိတို့၏ လွတ်လပ်သည့် သဘောထားဆန္ဒများအလျောက် စိတ်အားထက်သန်စွာ တက်တက်ကြွကြွစည်းကမ်းရှိရှိ နိုင်ငံကြီးသား ပီသစွာဖြင့် ဆန္ဒမဲလာရောက်ပေးခဲ့ကြကြောင်း သိရသည်။
ထိုကဲ့သို့ နားမကြားသောကလေးများကျောင်း(ရန်ကုန်)မှ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင် ကျောင်းသား၊ ကျောင်းသူလေးများ စိတ်အေးချမ်းသာစွာ လွတ်လွတ်လပ်လပ် ဆန္ဒမဲလာရောက်ပေးရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် သင်္ဃန်းကျွန်းခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးထိုက်နှင့်အဖွဲ့ဝင်များ ဦးဆောင်၍ တာမွေမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမျိုးအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဆိုင်ရာ မြို့နယ်အဆင့်လုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိ ရပ်ကွက်များမှ ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်စာရေးဝန်ထမ်းများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည်များကို ဖြည့်ဆည်းကူညီ ဆောင်ရွက်ပေးခဲ့ကြသည်။
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်ရှိ ရပ်ကွက်(၂၀)တွင် မဲရုံပေါင်း(၅၄)ရုံရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူဦးရေ (၈၉၄၈၄)ဦးထိရှိကြောင်း၊ ယနေ့ကျင်းပသည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သည့် နိုင်ငံရေးပါတီ (၉)ခုရှိပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း(၇)ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း(၈)ဦး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း(၇)ဦး၊ ကရင်တိုင်းရင်းသား လူမျိုးလွှတ်တော် ကိုယ်စားလှယ်လောင်း(၄)ဦးနှင့် ရခိုင်တိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ်လောင်း(၆)ဦး စုစုပေါင်းလွှတ်တော်ကိုယ်စားလှယ်လောင်း(၃၂)ဦးတို့ အသီးသီးပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
နိုင်လင်းအောင် (တာမွေ)