ကြံခင်းမြို့၊ အ.ထ.က(၁)၌ ၂၀၂၆ ခုနှစ်၊ (၁၉)ကြိမ်မြောက် မြတ်ဆရာပူဇော်ကန်တော့ပွဲ ကျင်းပ

ကြံခင်း  ဇန်နဝါရီ  ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ ရွာသစ်​ရပ်ကွက်၊ အ.ထ.က(၁) ကျောင်းသား၊ ကျောင်းသူဟောင်းများ၏ (၁၉) ကြိမ်မြောက် ​မြတ်ဆရာပူဇော်ကန်တော့ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အောင်ကျော်ခန်းမ၌ ကျင်းပခဲ့ရာ အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးများ၊ ကျောင်းသား၊ ကျောင်းသူဟောင်းများ တက်ရောက်ကြသည်။

ရှေးဦးစွာ အသက်(၈၀)နှင့်အထက်၊ အသက်(၇၀)နှင့်အထက်၊ အသက်(၆၀)နှင့်အထက် အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးများက ကန်‌တော့ခံစင်မြင့်ထက်တွင်နေရာယူကြပြီး၊ အ.ထ.က(၁)မှ မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများက “မြတ်ဆရာသီချင်း” သီဆိုကပြ၍ အခမ်းအနားဖွင့်လှစ်ခဲ့ကြသည်။ ထို့နောက် (၁၉)ကြိမ်မြောက် ​မြတ်ဆရာပူဇော်ကန်တော့ပွဲအား ဂုဏ်ပြုသောအားဖြင့် ကျောင်းသူဟောင်း ‌ဒေါ်စုစုနိုင်၊ ကလောင်ဇလပ်ပန်း(ဥပ‌ဒေ)က ဥယာဉ်မှူးသို့နှင့် သုံးရာသီအမှတ်တရ ကဗျာများဖြင့် သီဆို၍လည်းကောင်း၊ သူနာပြုအဆင့်(၁) ဦးအေးနိုင်က ရတုဖြင့်လည်းကောင်း သီဆိုဂုဏ်ပြုကြပြီး၊ ဦးသန်းဌေးအောင်၊ ဦးအောင်ဆန်းဝင်းနှင့် ဦးသိန်းထွန်းဝင်း တို့က ကန်တော့ ကျိုးဖြင့် တိုင်ကြားပေးခဲ့ကြရာ အခမ်းအနားတက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူဟောင်းများက လက်အုပ်ချီကန်တော့ကြသည်။ ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူဟောင်းများက အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးများအား ဂါဝရပြုငွေများအသီးသီး ကန်တော့ကြပြီး၊ အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးများကိုယ်စား ဆရာကြီး ဦးသိန်းဆန်း(မြို့နယ်ပညာရေးမှူး-ငြိမ်း)နှင့် ဆရာမကြီး ‌ဒေါ်ခင်သောင်းမြ(အထပြ-ငြိမ်း)တို့က အသီးသီး ဩဝါဒစကားများပြောကြားကြသည်။ ဆက်လက်ပြီး မြတ်ဆရာပူဇော်ပွဲကျင်းပရေးကော်မတီအဖွဲ့ဝင် ဦးအောင်မျိုးသန့်က မြတ်ဆရာပူဇော်ပွဲကျင်းပရခြင်း နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး၊ ကန်တော့ခံအငြိမ်းစား ဆရာကြီး၊ ဆရာမကြီးများအား နေ့လယ်စာဖြင့် တည့်ခင်းဧည့်ခံကျွေးမွေးခဲ့ကြသည်။

အဆိုပါ ကန်တော့ခံ အသက် (၈၀)နှင့် အထက်(အငြိမ်းစား) ဆရာကြီး၊ဆရာမကြီး(၇)ဦးအား တစ်ဦးလျှင် တစ်သိန်းသုံးသောင်းနှုန်းဖြင့်လည်းကောင်း၊ အသက် (၆၀)နှင့်(၇၀)ကြား ဆရာကြီး၊ ဆရာမကြီး ၁၂၂ ဦးအား တစ်ဦးလျှင် ၁ သိန်းနှုန်း တို့ဖြင့် စုစုပေါင်းဆရာကြီး၊ ဆရာမကြီး ၁၂၉ ဦးအား ကန်တော့ခဲ့ကြကြောင်း မြတ်ဆရာပူဇော်ပွဲကော်မတီထံမှ သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)