ထန်းတပင်(ရန်ကုန်) ဇန်နဝါရီ ၂၅
ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ်သစ်တောဦးစီးဌာနမှ ကျေးရွာနေပြည်သူများအား မီးခိုးမြူငွေ့ညစ်ညမ်းမှု ဆက်စပ်ပုံနှင့်လေထုညစ်ညမ်းမှုကြောင့် လူသားတို့၏ လူမှုစီးပွားဘဝများ ထိခိုက်နိုင်မှုများကို သိရှိနာလည်စေရန်ရည်ရွယ်၍ "သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေး"ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဇန်နဝါရီ၂၅ရက်က အတွင်းရေကျော်ကျေးရွာတွင်ကျင်းပသည်။
အဆိုပါဟောပြောပွဲတွင် မြို့နယ်သစ်တောဦးစီးဌာနမှူး ဦးနိုင်လင်းထွန်းမှ သစ်တောသစ်ပင်များအကြောင်း၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် ဂေဟစနစ်များအကြောင်း သစ်တောများကပေးစွမ်းနိုင်သည့် ဂေဟစနစ်ဆိုင်ရာအကျိုးကျေးဇူးများ၊ ရာသီဥတုပြောင်းလဲမှုလျှော့ချရေးတွင် သစ်တောများ၏ အရေးပါမှု၊ အကျိုးကျေးဇူးများနှင့် မီးခိုးမြူငွေ့လျှော့ချရေးအတွက် Fire Hotspots များ လျော့နည်းကျဆင်းအောင် တောမီးရှို့ခြင်း၊ လယ်ယာများမီးရှို့ခြင်းများမပြုလုပ်ရန်၊ မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးဆောင်ရွက်နေမှု အခြေအနေများ၊ သစ်တောများထိန်းသိန်းရေးအကြောင်းနှင့် သစ်တောမှပေးစွမ်းနိုင်သော အကျိုးကျေးဇူးများအကြောင်းတို့ကို တက်ရောက်လာကြသည့် ကျေးရွာနေပြည်သူများကို အသိပညာပေးဟောပြောသည်။
ထို့နောက်တက်ရောက်လာကြသည့် ကျေးရွာနေပြည်သူများက မိမိတို့သိရှိလိုသည်များကိုမေးမြန်းခဲ့ကြရာ မြို့နယ်ဦးစီးဌာနမှူးက ပြန်လည်၍ ရှင်းလင်းပြောကြားခဲ့ပြီး ဟောပြောပွဲသို့ တက်ရောက်လာကြသည် ကျေးရွာနေပြည်သူများကိုလည်း မြို့နယ်သစ်တောဦးစီးဌာနဝန်ထမ်းများကအသိပညာလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)