မိတ္ထီလာ ဇူလိုင် ၂၇
မိတ္ထီလာမြို့နယ်၌ ၂၀၂၅ - ၂၀၂၆ ခုနှစ်တွင် နွေစပါးနှင့် အခြားသီးနှံများ စိုက်ပျိုးနိုင်ရေးအတွက် ဆည်၊ ကန်၊ တမံများမှ ပျိုးထောင်ရေများကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ စတင်ဖြန့်ဝေပေးသွားမည်ကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
မိတ္ထီလာမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ နွေစပါးနှင့် အခြားသီးနှံများအချိန်မီ စိုက်ပျိုးနိုင်ရေးနှင့် စိုက်ပျိုးရေဖူလုံစေရေးတို့ အတွက်ဦးစီးဌာန၏ ထိန်းသိမ်းမှုအောက်ရှိ အစိုးရထိန်း ဆည်၊ ကန်၊ တမံများမှ လယ်ယာမြေ စိုက်ခင်းများအရောက် စနစ်တကျ ဖြန့်ဝေဆောင်ရွက်ပေးလျက်ရှိသည်။ ထိုသို့ဆောင်ရွက်ပေးခြင်းကြောင့် ဒေသခံတောင်သူများ စိုက်ပျိုးရေ လုံလောက်စွာရရှိသဖြင့် သီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းကာ လုပ်ငန်းများအဆင်ပြေလျက်ရှိသည်။ ယခုနှစ် ၂၀၂၅- ၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် မိတ္ထီလာကန်၊ မုန်တိုင်ဆည်နှင့် ချောင်းကောက်ဆည်ရေတို့ဖြင့် နွေစပါးစိုက်ဧက ၈၄၀ နှင့် အခြားသီးနှံ စိုက်ဧက ၅၀ တို့ကို စိုက်ပျိုးသွားမည်ဖြစ်ရာ ၎င်းဆည်ကန်တမံများဖြင့် နွေစပါးနှင့်အခြားသီးနှံများ စိုက်ပျိုးနိုင်ရန်ပျိုးထောင်ရေကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ စတင်၍ လွှတ်ပေးသွားမည်ဖြစ်သည်။
အဆိုပါ နွေစပါးနှင့် အခြားသီးနှံများကို မိတ္ထီလာကန်၊ မုန်တိုင်ဆည်နှင့် ချောင်းကောက်ဆည်ရေတို့ဖြင့် ထမုန်ကန်၊ ညောင်ကိုင်း၊ ခင်လူး၊ လျှော်ဖြူကန်၊ ကဖြူ၊ မြာ၊ သီးကုန်း၊ မုန်တိုင်ကျေးရွာ အုပ်စု ၈ အုပ်စုရှိ ကျေးရွာ ၁၀ ရွာမှ တောင်သူများက စိုက်ဧက ၈၄၀ စိုက်ပျိုးသွားမည်ဖြစ်ပြီး အခြားသီးနှံကို မိတ္ထီလာကန်ရေဖြင့် ကဖြူကျေးရွာအုပ်သုတွင် စိုက်ဧက ၅၀ တို့ကို စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)