ပြည်ကြီးတံခွန်မြို့နယ်ရှိ အခြေခံပညာအလယ်တန်း ကျောင်းများ၌ လူငယ်ရေးရာ ဟောပြောပွဲကျင်းပ

ပြည်ကြီးတံခွန်  ဇန်နဝါရီ ၂၇

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ အမှတ်(၁၁) အခြေခံပညာအလယ်တန်းကျောင်းနှင့် အမှတ်(၂၁)အခြေခံပညာအလယ် တန်းကျောင်းများ၌ ယမန်နေ့နံနက် ၉ နာရီက မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာ ဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာ ဟောပြောပွဲ ကျင်းပခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ခင်စောလွင်က လူငယ်ရေးရာဟောပြောပွဲ လာရောက်ရခြင်း ရည်ရွယ်ချက်များ၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် အပြင်ဗဟုသုတများ ရရှိစေရန်၊ စာပေဖတ်ရှုခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူးများအကြောင်းကို ဆွေးနွေးဟောပြောခဲ့သည်။ ဆက်လက်ပြီး ပြည်ကြီးတံခွန်မြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဦးနွယ်အေးချိုက နွေရာသီကျောင်းပိတ်ရက်တွင် အားကစားဝါသနာပါပြီး အားကစား သင်တန်းတက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာရင်းပေးသွင်းနိုင်ကြောင်း၊ အားကစား သင်တန်းတက်ရောက်ရာတွင် အခမဲ့ဖြစ်ကြောင်းပြောကြားခဲ့ပြီး အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ရာ အမှတ်(၁၁)အခြေခံပညာ အလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးနှင့် အမှတ်(၂၁)အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးတို့က လက်ခံရယူခဲ့ကြောင်း သိရသည်။

ဇင်မင်းမောင် (ခရိုင်၊ ပြန်/ဆက်)