ဒေးဒရဲမြို့နယ်အတွင်း ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်များအား အသက်အလိုက် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေး အသိပေးဆွေးနွေး

ဒေးဒရဲ ဇန်နဝါရီ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်ကျင်းပသည့် မြို့နယ်အတွင်း ကာကွယ် ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးလွှမ်းခြုံမှု အားနည်းသည့်ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့် လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေး အသိပေးဆွေးနွေးပွဲကို ဇန်နဝါရီလ ၂၇ ရက်နေ့နံနက် (၁၀) နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်က အဖွင့်အမှာစကားပြောကြားပြီး၊ ဒုတိယခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေး ဦးစီးဌာနမှူး ဒေါက်တာချိုချိုဝင်းက မြို့နယ်အတွင်း ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးလွှမ်းခြုံမှု အားနည်းသည့်ဒေသများတွင်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးသည့်လုပ်ငန်းများ၊ တိုးချဲ့ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း၏ အဓိကရည်ရွယ်ချက်များနှင့် သွားလာရေးခက်ခဲ့သောဒေသများ၌ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ အားဖြည့်ဆောင်ရွက်နိုင်ရန်အတွက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့်လုပ်ငန်းစဥ်များ ပရိုဂျက်တာဖြင့် အသေးစိတ်ရှင်းလင်းဆွေးနွေးကြသည်။

ထို့နောက်တက်ရောက်လာကြသူများက သိရှိလိုသည်များမေးမြန်းကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြပြီး၊ မြန်မာနိုင်ငံအတွင်းရှိ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်များအား အသက်အလိုက် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးမှု လုပ်ငန်းဆောင်ရွက် နေသည့် အသိပညာပေးဗီဒီယိုအားပြသသည်။ အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ကျေးလက်ကျန်းမာရေးဝန်ထမ်းများနှင့် လူမှုရေးအသင်း အဖွဲ့အစည်းများက တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်းသိရှိရသည်။

အေဇာလင်း