လသာ ဇန်နဝါရီ ၂၇
ကျောက်တံတားခရိုင်၊ လသာမြို့နယ်အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ဗဟိုစံပြခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်တွင် အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် လသာမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရန်နိုင်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ လသာမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးမြင့်ဝင်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများ၏ အန္တရာယ်နှင့် တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခဲ့သည်။ ထို့အပြင် လသာမြို့နယ် ဥပဒေရုံးမှ မြို့နယ်ဥပဒေအရာရှိ ဒေါ်ခင်သူဇာမြင့်က လူကုန်ကူးမှုတားဆီးကာကွယ်ရေးအကြောင်းကို ရှင်းလင်းဟောပြောခဲ့ကြသည်။
ထို့နောက် အမှတ် (၄၇) ယာဉ်ထိန်းတပ်ဖွဲ့စုမှူးရုံးမှ ဒုရဲမှူး ဝေလင်းနိုင်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောခဲ့ပြီး၊ အမှတ် (၆) လူမှုဝန်ထမ်းမူကြိုမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကေသွယ်စိုးက ကလေးအလုပ်သမားပပျောက်ရေးနှင့် ကလေးသူငယ်အခွင့်အရေးများအကြောင်း ဟောပြောခဲ့ကြကာ ဟောပြောချက်များအပေါ် မေးခွန်းများမေးမြန်းကြရာ အဖြေမှန်သူ ကျောင်းသား/သူများကို တာ၀န်ရှိသူများက ဂုဏ်ပြုဆုများချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
နေလင်း