ကျောင်းကုန်း ဇန်နဝါရီ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ရွာသာကုန်းအုပ်စု၊ ညောင်သာယာကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ဇန်နဝါရီလ ၂၆ ရက်နေ့နံနက် ၁၀ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်လှိုင်ပို့ ပို့ဇင်က ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် စာဖတ်ခြင်း၏အကျိုးကျေးဇူး အကြောင်း အသိပညာပေးဟောပြောခဲ့ပြီး၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦး တင်ကိုက စားသုံးသူ၏အခွင့်အရေးဆိုင်ရာအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး ဦးထွန်းထွန်းဝင်းက အား/ကာသိပ္ပံအကြောင်းနှင့် အားကစားတစ်မျိုးမျိုးပြုလုပ်ကြဖို့ တိုက်တွန်းပြောကြားခဲ့ပြီး၊ နည်းစနစ်မှူး ဦးတင်ထွဋ်က အား/ကာ သိပ္ပံကို သတ်မှတ်ချက်နှင့်ပြည့်စုံလျှင် တက်ရောက် နိုင်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် အားကစားမှူး ဦးထွန်းထွန်းဝင်းက ဘောလုံး(၁)လုံး ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးကိုယ်စား ဆရာမတစ်ဦးက လက်ခံရယူခဲ့သည်။
အခမ်းအနားအပြီးတွင် ကျောင်းသား/သူများ ဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ/ရသစာအုပ် များဖတ်ရှုစေခဲ့ပြီး၊ “ကလေးအလုပ်သမားပပျောက်ရေး”၊ “မီးခိုးမြူငွေ့အန္တရာယ်ဝိုင်းဝန်း စုပေါင်းတို့ကာကွယ်”၊ “ပတ်ဝန်းကျင်သာယာဖို့ စနစ်တကျအမှိုက်စွန့်ပစ်ကြပါစို့” စသည့်သိကောင်းစရာနံရံကပ်စာစောင်များ ပြသပေးခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်