မကွေးတိုင်းဒေသကြီး စေတုတ္တရာမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေ ကျပ်သိန်း(၆)ထောင်ကျော် ထုတ်ချေးပြီးဖြစ်

စေတုတ္တရာ      ဩဂုတ်      ၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မြို့နယ်အတွင်းရှိ တောင်သူများအား ၂၀၂၀ ပြည့်နှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကို မေလ ၁၆ရက်နေ့မှ စတင်၍ လယ်တစ်ဧကလျှင် ငွေကျပ်တစ်သိန်းခွဲနှင့် ယာတစ်ဧကလျှင် ငွေကျပ်တစ်သိန်း နှုန်းဖြင့် ထုတ်ချေးခဲ့ရာ တောင်သူ (၁၅၄၉) ဦး အတွက် ကျပ်သိန်း(၆)ထောင်ကျော် ထုတ်ချေးနိုင်ခဲ့ကြောင်းသိရသည်။

မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးခြင်းနှင့်ပတ်သက်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာ ဒေါ်ကြူကြူဝင်းက “၂၀၂၀ပြည့်နှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကို မေလ ၁၆ ရက်နေ့မှ စတင်၍ ထုတ်ချေးခဲ့တာဖြစ်ပြီး ကျေးရွာအုပ်စု(၃၆)အုပ်စုမှ တောင်သူဦးရေ(၁၅၄၉)ဦး အတွက် စပါး(၁၅၇၇)ဧက အတွက် ငွေကျပ်(၂၃၆၅.၅၀)သိန်း၊ နှမ်း(၃၆၈၄)ဧကအတွက် ငွေကျပ်(၃၆၈၄)သိန်း၊  ပဲစဉ်းငုံ(၅)ဧကအတွက် ငွေကျပ် (၅)သိန်းကျပ်ဖြင့် စုစုပေါင်းသီးနှံဧက (၅၂၆၆)ဧကအတွက် ချေးငွေ ကျပ်သိန်း(၆၀၅၄.၅၀)သိန်းကို ထုတ်ချေးခဲ့ခြင်းဖြစ်ပါတယ်ဟု” ပြောကြား သည်။

ထို့အတူ ကိုဗစ်-၁၉ရောဂါကြောင့် မြန်မာ့လယ်ယာစိုက်ပျိုးရေးကဏ္ဍအနေဖြင့် ထိခိုက်မှုများကို နိုင်ငံတော်၏ မူဝါဒလမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ အထူးချေးငွေအနေဖြင့် တောင်သူများအား လယ်ယာတစ်ဧကလျှင် ငွေကျပ် (၅)သောင်းနှုန်းဖြင့် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ် ရေးအတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။  

စည်သူလွင်(ပြန်/ဆက်)