ဒေးဒရဲ ဇန်နဝါရီ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မီးသတ်ဦးစီးဌာနက သဘာဝဘေးအန္တရာယ် ဖြစ်ပွားပေါ်ပေါက်လာပါက ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များအား အချိန်နှင့်တစ်ပြေးညီ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးစုဖွဲ့ထားသည့် သင်တန်းသားများ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ပိုမိုလျင်မြန်စွာဆောင်ရွက်နိုင်ရေးရည်ရွယ်၍ ရှာဖွေကယ်ဆယ်ရေး(မွမ်းမံ) သင်တန်း (၁/၂၀၂၆) ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ ( ၂၆) ရက်နေ့ နံနက် (၁၀) နာရီက မြို့နယ်မီးသတ်ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဖျာပုံခရိုင် မီးသတ်ဦးစီးဌာနမှူး ဦးဇော်မင်းဦးက မြို့နယ်အတွင်းရှိ ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များကြောင့် ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များကာကွယ်နိုင်ရေးအတွက် ရှာဖွေကယ်ဆယ်ရေး နည်းစနစ်များကို သင်တန်းသားများက ကြိုးစားသင်ယူသွားရန်နှင့် မြို့နယ်အတွင်းရှိ လူမှုရေး၊ ရပ်ရွာဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးဟန်ဝင်းစိုးက မြို့နယ်အတွင်း ရှာဖွေကယ်ဆယ်ရေးစုဖွဲ့ထားရှိမှုနှင့် ရှာဖွေကယ်ဆယ်ရေး ပစ္စည်းများ အရန်သင့်ပြင်ဆင်ထားရှိမှုများအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းကို မြို့နယ်အတွင်းရှိ သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်၊ သင်တန်းသား (၃၅)ဦးအား ရှာဖွေကယ်ဆယ်ရေးနည်းစနစ်များနှင့် ဒေးဒရဲမြို့နယ် ကြက်ခြေနီတပ်ရင်းရုံးက ရှေးဦးပြုစုခြင်း သင်ခန်းစာများကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အေဇာလင်း