၂၀၂၆ ခုနှစ် (၁၃၈၆၇ခုနှစ်) အကြိမ် (၁၀၀) ပြည့် (ဟင်္သာတ၊ အင်္ဂပူ၊ မြန်အောင်၊ ကြံခင်း) လေးမြို့နယ်လုံးဆိုင်ရာ ဝေဠုဝန်နိကာယစာတော်ပြန်ပွဲကြီး အောင်ဆုနှင်းသဘင် အခမ်းအနားကျင်းပ

မြန်အောင် ဇန်နဝါရီ  ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ ဝေဠုဝန်ပရိယတ္တိစာသင်တိုက်တွင် ၂၀၂၆ ခုနှစ် (၁၃၈၆၇ခုနှစ်) အကြိမ် (၁၀၀) ပြည့် (ဟင်္သာတ၊ အင်္ဂပူ၊ မြန်အောင်၊ ကြံခင်း) လေးမြို့နယ်လုံးဆိုင်ရာ ဝေဠုဝန်နိကာယစာတော်ပြန်ပွဲကြီး အောင်ဆုနှင်းသဘင်အခမ်း အနားကို ယနေ့ နေ့လည်က ဝေဠုဝန်ပရိယတ္တိ စာသင်တိုက်ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။   

အခမ်းအနားတွင် အလှူရှင်များ၊ ဧည့်ပရိသတ်များ၊ စာအောင်အရှင်သူမြတ်များ၊ သြဝါဒစရိယနှင့် မဟာနာယကဆရာတော်ကြီးများ၊ မြန်အောင်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမင်းထွန်းနှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်၍ နမောတဿဘုရားရှိခိုးဖြင့်ရွတ်ဆို၍ အခမ်းအနားအား ဖွင့်လှစ်ပြီး သဘာပတိသြဝါဒစရိယနှင့် နာယကဆရာတော်ဘုရားကြီး၊ ဝေဠုဝန်နိကာယ စာတော်ပြန်ပွဲကြီး၏ မဟာနာယက မြန်အောင်မြို့နယ် သံဃနာယကဥက္ကဋ္ဌ (ဝေဠုဝန်ဂိုဏ်း) အင်ပင်ဝေဠုဝန်ဆရာတော် ဘဒ္ဒန္တမုနိန္ဒ ဆရာတော်ဘုရားကြီးထံမှ ငါးပါးသီလခံယူဆောက်တည်၍ သြဝါဒကထာနာယူခဲ့ကြသည်။

အခမ်းအနားတွင် မြန်အောင်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးလှိုင်က သာသနာရေးဆိုင်ရာများ လျှောက်ထား၍ သဘာပတိဆရာတော်ကြီးနှင့် နာယကဆရာတော်ကြီးများအား ခရိုင်/မြို့နယ် ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဆက်လက်၍ စာအောင်သံဃာတော်အရှင်သူမြတ်များအား အောင်ဆုလက်မှတ်များကို သဘာပတိ ဆရာတော် အင်ပင်ဝေဠုဝန်ဆရာတော် ဘဒ္ဒန္တမုနိန္ဒ ကပေးအပ်ချီးမြှင့်၍ လှူဖွယ်ဝတ္ထုပစ္စည်းများကို အလှူရှင်များနှင့် မြန်အောင်ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများက ဆက်ကပ် လှူဒါန်းခဲ့ကြသည်။   

ဆက်လက်၍ သြဝါဒစရိယနှင့်နာယကဆရာတော်ဘုရားကြီး၊ ဝေဠုဝန်နိကာယ စာတော်ပြန်ပွဲကြီး ၏မဟာနာယက မြန်အောင်မြို့နယ်သံဃနာယကဥက္ကဋ္ဌ (ဝေဠုဝန်ဂိုဏ်း) အင်ပင် ဝေဠုဝန် ဆရာတော်ဘဒ္ဒန္တမုနိန္ဒ ဆရာတော်ဘုရားကြီးထံမှ အနုမောဒနာတရား နာကြား၍ ရေစက်သွန်းချ တရားနာကြားကာ ဗုဒ္ဓသာသနံစိရံတိဌတုသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့သည်။

၂၀၂၆ ခုနှစ် (၁၃၈၇ခုနှစ်) အကြိမ်(၁၀၀)ပြည့် ဟင်္သာတ၊အင်္ဂပူ၊ မြန်အောင်၊ ကြံခင်း လေးမြို့နယ်လုံးဆိုင်ရာ ဝေဠုဝန်နိကာယ စာတော်ပြန်ပွဲကြီးတွင် ဝိနယဂုဏ်ထူးဆောင် တန်းအောင်(၄)ပါး၊ သုတ္တန်ဂုဏ်ထူးဆောင်တန်းအောင် (၁)ပါး၊ အကြီးတန်းအောင် (၆)ပါး၊ အလတ်တန်းအောင်(၁၅) ပါး၊ အငယ်တန်းအောင်(၁၇)ပါး၊ အခြေပြုမူလတန်းအောင်(၃၁)ပါး ဖြေဆိုအောင်မြင်ခဲ့ကြောင်း သိရှိရသည်။

ဝင်းဗိုလ်