ဘုတ်ပြင်းမြို့နယ်၌ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးဆိုင်ရာ အသိပညာပေး

ဘုတ်ပြင်း ဇန်နဝါရီ ၂၉

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့၌  ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများမှဒေသခံပြည်သူများအား နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှု လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဇန်နဝါရီ ၂၈ ရက် နံနက် ၁၀ နာရီက အောင်မင်္ဂလာရပ်ကွက်ရှိ မြို့တော်ခန်းမတွင် ကျင်းပသည်။

ဟောပြောပွဲတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းကိုက နိုင်ငံဖြတ်ကျော်မီးခိုးမြူငွေ့သည် လူ့ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင်နှင့် စီးပွားရေးအပေါ်ထိခိုက်မှုကြီးမားသည့် အန္တရာယ်တစ်ရပ်ဖြစ်ကြောင်း၊ မီးရှို့မှုများ၊ သစ်တောမီးများ၊ လယ်ယာမြေရှင်းလင်းမီးရှို့မှုများမှထွက်လာသော မီးခိုးမြူငွေ့များသည် လေထုလှိုင်းနှင့်အတူ အနီးအနားရှိ အခြားနိုင်ငံများသို့ ပြန့်ပွားသွားခြင်းကိုဆိုလိုကြောင်း၊ အထူးသဖြင့် PM2.5 ကဲ့သို့ သေးငယ်သောအမှုန်အမွှားများသည် လူ့ခန္ဓာကိုယ်အတွင်းသို့ လွယ်ကူစွာဝင်ရောက်နိုင်၍ ကျန်းမာရေးအန္တရာယ်ကြီးမားစေပါကြောင်း၊ မီးခိုးမြူငွေ့ဖြစ်ပေါ်ရသည့် အဓိကကြောင်းအရင်းများ စသည့်အသိပညာပေး ဟောပြောပွဲ ပြုလုပ်ရခြင်းနှင့်စပ်လျဉ်း၍ ပြောကြားသည်။ ဆက်လက်၍ လေဟာပြင်မီးရှို့မှုထိန်းချုပ်ရေးနှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးဆိုင်ရာ   မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်သစ်တော်ဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့မှ မြို့နယ်ဦးစီးမှူးများက တောမီးလောင်မှုကြောင့် သဘာဝပတ်ဝန်းကျင်လေထုညစ်ညမ်းရခြင်း၊ တောမီးမလောင်အောင်ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များ၊ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ခြင်းကြောင့် သသာဝပတ်ဝန်းကျင် လေထုညစ်ညမ်မှုများ မဖြစ်အောင်ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ သစ်တောထိန်းသိမ်းရေး၊သစ်ပင်စိုက်ပျိုးခြင်း ကြောင့် သဘာဝ ဘေးဒဏ်များမှကာကွယ်ပေးခြင်းဆိုင်ရာများ၊ စိုက်ပျိုးရေး/မွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေသူများအနေဖြင့် ကောက်ရိုး၊ ပေါင်းမြက်ချုံနွယ်များနှင့် လယ်ယာထွက်ကုန်စွန့်ပစ်ပစ္စည်းများဖြင့် သဘာဝမြေဩဇာပြုလုပ်ဆောင်ရွက်နိုင်သည့် နည်းလမ်းများ၊  ကျွဲ၊ နွား စသည့် တိရစ္ဆာန်အစာများကို ပြုလုပ်နည်းလမ်းများကို ရှင်းလင်းအသိပညာပေးပြောကြားသည်။ ယင်းနောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညီညီက မြို့နယ်အတွင်း တောမီးလောင်ကျွမ်းမှုမဖြစ်ပေါ်စေရေးနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုအခြေအနေများကို အသိပေး‌ပြောကြားသည်။

ဟောပြောပွဲသို့ ခရိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဥယျာဉ်ခြံမြေပိုင်ရှင်များ၊ စိုက်ပျိုးရေး/မွေးမြူရေးလုပ်ငန်းလုပ်ကိုင်နေသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)