မှော်ဘီမြို့နယ်၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကျင်းပ

ရန်ကုန် ဇန်နဝါရီ ၂၉

ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ဇန်နဝါရီလ (၂၇) ရက်နေ့၊ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ရာအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးအဖွဲ့ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိ သူများတက်ရောက်ခဲ့ကြသည်။

ဦးစွာ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို မြို့တော်ဝန် ဦးဗိုလ်ဌေး၊ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူး ဒေါက်တာချိုချိုမြတ်အောင်၊ ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ခင်စောလင်း၊ မှော်ဘီခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးနိုင်နှင့် မှော်ဘီခရိုင်ရပ်မိ၊ ရပ်ဖ ဦးအေးမင်းမောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။

 ဆက်လက်၍ အခမ်းအနားကို ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များက စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အတွင်း ပန်းချီပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာပေစကားဝိုင်းဆွေးနွေးပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ၊ ဂိမ်းကစားနည်း ပြိုင်ပွဲများ၊ စာအုပ်ပြပွဲများ၊ ဓာတ်ပုံပြပွဲများ၊ ဌာနဆိုင်ရာ ပြခန်းများနှင့် ပညာရေးဌာနကျောင်းသား၊ ကျောင်းသူများတီထွင် စမ်းသပ်ထားသည့် ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

၄င်းနောက် အ.ထ.က (၂) ရွှေရတုခန်းမတွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအခမ်းအနားကို ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က စာပေဟောပြောမည့် စာရေးဆရာမောင်ချိုဝေကို အမှတ်တရဂုဏ်ပြုလက်ဆောင်ကိုလည်းကောင်း၊ ကျောင်းစာကြည့်တိုက်များအတွက် သုတရသစာအုပ်များအတွက် အလှူငွေကျပ် (၃၅) သိန်းကို ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ခင်စောလင်းထံသို့လည်းကောင်း၊ ဖျော်ဖြေရေးအဖွဲ့များအား အမှတ်တရဂုဏ်ပြုဆုငွေများလည်းကောင်း ပေးအပ်ရာတာဝန်ရှိသူများ ကလက်ခံရယူခဲ့ကြသည်။

အခမ်းအနားကို ဆက်လက်၍ ကျင်းပရာ စာရေးဆရာ မောင်ချိုဝေက ကျောင်းသား၊ ကျောင်းသူများကို စာပေအသိပညာများ ဟောပြောခဲ့ပြီး ပြိုင်ပွဲအသီးသီးတို့တွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ခဲ့ကြကြောင်း သိရသည်။

ဇင်မင်းထိုက် (ပြန်ဆက်)