မြောက်ဥက္ကလာ ဇန်နဝါရီ ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဃ) ရပ်ကွက်၊ ခေမာသီလမ်းတွင် ယမန်နေ့ မွန်းတည့် ၁၂ နာရီ ၁၀ မိနစ်အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မြောက်ဥက္ကလာပမြို့နယ် (ဃ) ရပ်ကွက်၊ ခေမာသီလမ်းမကြီး မီးလောင်နေကြောင်း သတင်းအရ ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးကိုကိုကြီး ကွပ်ကဲ၍ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစည်သူမျိုးဦးဆောင်ကာ သန္ဓေမီးသတ်တပ်ဖွဲ့၀င်များ၊ အရန်မီးသတ်တပ်ဖွဲ့၀င်များက မီးငြိမ်းသတ်ယာဉ်များဖြင့် အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်မီးငြိမ်းသတ်ရာ မွန်းတည့် ၁၂ နာရီ ၄၅ မိနစ်အချိန်ခန့်က မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
မီးလောင်ကျွမ်းရခြင်းမှာ မြောက်ဥက္ကလာပမြို့နယ် (ဃ) ရပ်ကွက်၊ ခေမာသီလမ်းမကြီးရှိ အမှတ် (၂၉၀/က) ပိုင်ရှင် ဦးမြတ်ဆွေ (ဘဲ) ဦးတင်ငါ အသက် (၇၉) နှစ်၏ (၁၃×၆၀) ပေသွပ်မိုး၊ အုတ်ညှပ်၊ ကွန်ကရစ်ခင်း (၂) ထပ် (၁) လုံး၊ အမှတ် (၂၉၀/ခ) ၊ အိမ်ငှါး ဦးကြည်၀င်း (ဘ) ဦးစိုးဟန်၊ အသက် (၅၈) နှစ်၏ (၂၀×၆၀) ပေ သွပ်မိုး၊ အုတ်ညှပ်၊ ကွန်ကရစ်ခင်း (၂) ထပ် (၁) လုံး၏ အပေါ်ထပ်နှင့် ထပ်ခိုး၊ အမှတ် (၂၈၉) ပိုင်ရှင် ဦးမြတ်ဆွေ (ဘ) ဦးတင်ငါ၊ အသက်(၇၉)နှစ် (၂၀× ၆၀) ပေ သွပ်မိုး၊ ကျောက်ပြားကာ၊ ကွန်ကရစ်ခင်း (၂) ထပ် (၁) လုံး၏ အပေါ်နှင့် အောက်ဘက်တစ်ခြမ်း စုစုပေါင်းအဆောက်အဦနှစ်လုံးနှင့် တစ်ခြမ်းမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်မှုနှင့် ပတ်သတ်၍ သက်ဆိုင်ရာမှ စုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးပြီး အမှုဖွင့်အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သက်လွင်စိုး (ပြန်/ဆက်)