ရန်ကုန် ဇန်နဝါရီ ၂၉
ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၆) ကြိမ်မြောက်အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက ရန်ကင်းမြို့နယ်၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၌ ဆောင်ရွက်သည်။
အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ကော်မတီအဖွဲ့ဝင်များ၊ အထူးဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့သည် ရင်းနှီးမြှုပ်နှံသူလုပ်ငန်းရှင်များ၏ ထုတ်လုပ်သည့် ပစ္စည်းနမူနာပြသထားရှိမှုများကို ကြည့်ရှုစစ်ဆေးကြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကားပြောကြားသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီသည် စက်မှုကဏ္ဍတွင် ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၂) ခုနှင့် ရာခိုင်နှုန်းပြည့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၁) ခုတို့ကို အတည်ပြုပေးခဲ့ပြီး အတည်ပြုပေးခဲ့သည့် လုပ်ငန်းများမှာ SKD စနစ်ဖြင့် လူသုံးကုန်လျှပ်စစ်ပစ္စည်းများ တပ်ဆင်ထုတ်လုပ်၍ ပြည်တွင်း၌ ၁၀၀% ရောင်းချခြင်းလုပ်ငန်း၊ ဒီဇယ်အင်ဂျင်အမျိုးမျိုးတပ်ဆင်ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းနှင့် CMP စနစ်ဖြင့် အဝတ်အထည်အမျိုးမျိုးချုပ်လုပ်ခြင်း လုပ်ငန်းတို့ဖြစ်ကာ အဆိုပါရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၏ မတည်ငွေရင်း ပမာဏမှာ ကျပ် ၉,၅၃၇.၂၂၇ သန်း (ကျပ် ကိုးထောင်ငါးရာသုံးဆယ့်ခုနစ် ဒဿမ နှစ်နှစ်ခုနစ်သန်း) နှင့် အမေရိကန်ဒေါ်လာ ၀.၇၂၀ သန်း (အမေရိကန်ဒေါ်လာ သုညဒသဿမ ခုနစ်နှစ်သုညသန်း) ဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်း (၉၁၁) ဦးအတွက် ဖန်တီးပေးနိုင်ခဲ့ကြောင်းနှင့် အစည်းအဝေးတွင် မတည်ရင်းနှီးငွေတိုးမြှင့်မည့် လုပ်ငန်း (၂) ခုအပါအဝင် အထွေထွေကိစ္စရပ်များ တင်ပြလာသည့် ကုမ္ပဏီ (၁၂) ခု၏ တင်ပြချက်များကိုလည်း ဆွေးနွေးဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)