မိုးညှင်းမြို့၌ သုံးနှစ်တစ်ကြိမ်ကျင်းပလေ့ရှိသည့် (၂၄)ကြိမ်မြောက် ဇောတိရှမ်းစုပေါင်းရှင်ပြုပွဲသို့ အနယ်နယ်အရပ်ရပ်မှ  ရှင်မိရှင်ဖများလာရောက်ကြပြီး ဈေးရောင်းဈေးဝယ်ကြသူများဖြင့်စည်ကား 

မိုးညှင်း ဇန်နဝါရီ ၂၉

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့ မြို့မရပ်ကွက်ရှိ နတ်ကြီးကုန်း(ရှမ်းပိုင်း)ရပ် ပညာလင်္ကာရဇောတိရှမ်းကျောင်း၌ ရိုးရာအစဉ်အလာအရ သုံးနှစ်တစ်ကြိမ်ကျင်းပလေ့ရှိသည့် (၂၄)ကြိမ်မြောက် စုပေါင်းရှင်ပြုပွဲတော်ကို ဇန်နဝါရီလ (၂၉) ရက်မှ ဖေဖော်ဝါရီလ (၁)ရက်အထိ ကျင်းပသွားမည်ဖြစ်ရာ အနယ်နယ်အရပ်ရပ်မှ ရှင်မိရှင်ဖများ လာရောက်ကြပြီး ဈေးရောင်းဈေးဝယ်ကြသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

အဆိုပါ စုပေါင်းရှင်းပြုပွဲတွင် ရှင်သာမဏေ စုစုပေါင်း အပါး(၇၀)ရှိ၍ တနေ့လျှင် ရှင်သာမဏေ အပါး(၂၃)ပါးစီဖြင့် (၄)ရက်တိုင် အလှည့်ကျ ပဗ္ဗဇ္ဇိတရှင်သာမဏေအဖြစ်သို့ သွတ်သင်ချီးမြှောက် သွားမည်ဖြစ်ကြောင်းနှင့် ရိုးရာအစဉ်အလာအရ သုံးနှစ်တစ်ကြိမ် စုပေါင်းရှင်ပြုပွဲတော်ကို ကျင်းပလာခဲ့သည်မှာ ယခုအခါတွင် (၂၄)ကြိမ်မြောက်အထိ ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။

ဇောတိရှမ်းတို့၏ စုပေါင်းရှင်ပြုပွဲတော်ကို ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့ရှိ ပညာလင်္ကာရဇောတိ ရှမ်းကျောင်းတစ်ခုတည်းတွင်သာ ပြုလုပ်ပေးလေ့ရှိသဖြင့် မြန်မာတစ်နိုင်ငံလုံးရှိ ဇောတိရှမ်းဘာသာဝင်များသည် ပွဲတော်ရက်မတိုင်မီ နှစ်ပတ်ခန့်မှ ကြိုတင်ရောက်ရှိလာကြပြီး ပွဲတော်ကျင်းပမည့် နန့်ရင်းချောင်းသဲသောင်ပြင်၌ တည်းခိုတန်းလျားများတွင် အခမဲ့တည်းခို နေထိုင်ကြစေလျက်ရှိသည်။

ထိုသို့ တည်းခိုနေထိုင်ကြရင်း မိမိတို့ သယ်ယူလာသော ရိုးရာအဝတ်အထည်များ၊ လျှပ်စစ်ပစ္စည်းများ၊ အလှကုန်ပစ္စည်းများ၊ လက်လုပ်လူသုံးကုန်ပစ္စည်းများနှင့် ရိုးရာစားသောက်ကုန်များအပြင် ဒေသခံပြည်သူများမှလည်း ဒေသထွက်ပစ္စည်းများ၊ အဝတ်အထည်များနှင့် စာသောက်ကုန်ပစ္စည်းများကို ခင်းကျင်းရောင်းချကြသဖြင့် ပွဲတော်ရက်မတိုင်မီကပင် စည်ကားလျက်ရှိကြပြီး ပွဲတော်သို့လာရောက်ကြသည့် ဧည့်ပရိတ်သတ်များကိုလည်း စတုဒီသာဧည့်ခံမဏ္ဍာပ်တွင် ဧည့်ခံကျွေးမွေးပေးလျက်ရှိကြောင်း သိရသည်။

ရွှေမိုးညှင်း