ဘိုကလေး ဇန်နဝါရီ ၂၉
ဗုဒ္ဓသာသနာတော်ထွန်းကားတည်တံ့ရေးအတွက် အခြေခံ အကျဆုံးဖြစ်သော ပရိယတ္တိသာသနာတိုးတက်ပြန့်ပွားရေးကိုရည်ရွယ်ကာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ပဉ္စနိကာယမဟာသီဝံကျောင်းတိုက်တွင် မြို့နယ်နိကာယ်သာသနာတော် ထွန်းလင်းတောက်ပရေးအသင်းမှကြီးမှူး၍ (၃၃)ကြိမ်မြောက် နိကာယ်ငါးရပ်စာမေးပွဲကို ဇန်နဝါရီ(၂၄)ရက်နေ့မှ (၂၆)ရက်နေ့အထိ (၃)ရက်တိုင် ကျင်းပဆောင်ရွက်ခဲ့ပြီး ဇန်နဝါရီလ ၂၉ ရက်နေ့ နေ့လယ် (၁၂)နာရီအချိန်တွင် စာအောင်သံဃာတော်များနှင့် ရှင်သာမဏေများအား စာအောင်ဆုပေးအပ်ခြင်း ဆုနှင်းသဘင်အခမ်းအနား ကျင်းပသည်။
အဆိုပါစာမေးပွဲသို့ မော်လမြိုင်ကျွန်းမြို့နယ်၊ ဘိုကလေးမြို့နယ်အတွင်းမှ သံဃာတော်နှင့် ရှင်သာမဏေဓာတုကထာနှင့် ပုဂ္ဂလပညတ်တန်း၊ စူဠပဗ္ဗ ပထမအဆင့်၊ စူဠပဗ္ဗဒုတိယအဆင့်၊ စုစုပေါင်း ရဟန်းနှင့် ရှင်သာမဏေ(၁၁၈)ပါး ဝင်ရောက်ဖြေဆိုကြကြောင်းနှင့် စာအောင်စာရင်း ထုတ်ပြန်ချက်အရ (၇၅)ပါးအောင်မြင်ခဲ့ပြီး အောင်ချက်ရာခိုင်နှုန်း (၆၃.၅၅) ရာခိုင်နှုန်းရှိကြောင်း သိရသည်။
ယနေ့ကျင်းပသည့် စာအောင်ဆုနှင်းသဘင်သို့ စာမေးပွဲကျင်းပရေးဦးဆောင်ဆရာတော်ကြီးများ၊မြို့နယ်နိကာယ်သာသနာတော် ထွန်းလင်းတောက်ပရေးအသင်းဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်နှင့်ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ စာမေးပွဲ ကျင်းပရေးကော်မတီဝင်များ၊ စာမေးပွဲကျင်းပနိုင်ရေးနှင့် စာအောင်သဘင်ကျင်းပနိုင်ရေးအတွက် ကဏ္ဍအသီးသီးမှပါဝင်လှူဒါန်းမှုပြုခဲ့ကြသည့် အလှူရှင်များတက်ရောက်ကြပြီး စာအောင်သဘင် အား နမောတဿ(၃)ကြိမ်ရွတ်ဆိုကာ ဖွင့်လှစ်ခဲ့သည်။
ထို့နောက်စာအောင်သဘင် တက်ရောက်ကြသူများက ဘိုကလေးမြို့နယ်၊ အောင်လှိုင်ကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ သံဃာတော် အရှင်သူမြတ်တို့က သဗ္ဗီတိယောဝိဝဇ္ဇန္တုဂါထာတော်အား ရွတ်ပွားချီးမြှင့်ခြင်း၊ စာအောင် အရှင်သူမြတ်များအား ဂုဏထောမနာဂါထာတော်ဖြင့် ဘိုကလေးမြို့နယ်၊ ဇေယျာဘုံမြင့် ကျောင်းတိုက် တိုက်အုပ်ဆရာတော် ဦးသုစိတ္တက ရွတ်ဆိုပူဇော်ခြင်း၊ နာယက ဆရာတော်ကြီးများနှင့်ကြီးကြပ်ဆရာတော်များအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီက လှူဖွယ်ဝတ္ထုများ ဆက်ကပ်ပူဇော်ခြင်းတို့ ဆောင်ရွက်ခဲ့ကြပြီး စာအောင်အရှင်သူမြတ်များအား ဆရာတော်ကြီးများနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌနှင့်ကော်မတီဝင်များ၊ စာမေးပွဲကျင်းပရေးကော်မတီဝင်များက စာအောင်လက်မှတ်နှင့် စာအောင်ဆုများ ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ စာမေးပွဲကာလ ဆွမ်းအလှူရှင်များနှင့် ကဏ္ဍအသီးသီးမှ အလှူရှင်များအားစာမေးပွဲ ကျင်းပရေးကော်မတီအဖွဲ့က ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ခဲ့ကြကြောင်းနှင့် ဘိုကလေးမြို့နယ်၊ အောင်လှိုင်ကျောင်းတိုက်ဆရာတော်က အနုမောဒနာတရားဟောကြားခဲ့ပြီး ရေစက်သွန်းချအမျှဝေခြင်းများ ဆက်လက်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)