သန်လျင်မြို့နယ် လုမ္ဗိနီဘိုးဘွားရိပ်သာသို့ ဆန်၊ ဆီ၊ အသုံးအဆောင်ပစ္စည်းများနှင့် ငွေပဒေသာပင်လှူဒါန်းပွဲကျင်းပ

ရန်ကုန် ဇန်နဝါရီ ၂

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ဇနီး ဒေါ်မော်မော်သန်း၊ အစိုးရအဖွဲ့ဝင်မိသားစုများနှင့် အမျိုးသီးကော်မတီဝင်များ၊ အလှူရှင်များစုပေါင်း၍ သန်လျင်ခရိုင် သန်လျင်မြို့နယ် လုမ္ဗိနီဘိုးဘွားရိပ်သာသို့ ဆန်၊ဆီ၊ အသုံးအဆောင်ပစ္စည်းများနှင့် ငွေပဒေသာပင်လှူဒါန်းပွဲကို ယမန်နေ့ နံနက် (၉) နာရီတွင် အဆိုပါဘိုးဘွားရိပ်သာခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ဇနီး ဒေါ်မော်မော်သန်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၏ ဇနီးများ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၏ ဇနီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ညွှန်ကြားရေးမှူး၏ ဇနီး၊ မြန်မာအမျိုးသမီးစွမ်းဆောင်ရှင်များအသင်း၊ လေးကျွန်းသူဖောင်ဒေးရှင်း၊ မြတ်မေတ္တာမွန်ကုမ္ပဏီ၊ ဝီသာခါဖောင်ဒေးရှင်း၊ ရန်ကုန်တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီအတွင်းရှိ ခရိုင်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ သန်လျင်ခရိုင်အတွင်းရှိ မြို့နယ်များမှ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ အလှူရှင်များ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

အစီအစဉ်အရ ရန်ကုန်တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နှင်းဇာခြည်ဦးက အဖွင့်အမှာစကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ ဇနီး ဒေါ်မော်မော်သန်းမိသားစုမှ ဆန် (၂) အိတ်၊ ဆီ (၁၀) ပိဿာအပါအဝင် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၏ ဇနီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ညွှန်ကြားရေးမှူး၏ ဇနီး၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ အလှူရှင်များက ဆန်၊ ဆီ၊ အသုံးအဆောင်ပစ္စည်းများနှင့် ငွေပဒေသာပင်များကို ရိပ်သာအမှုဆောင်ကော်မတီဥက္ကဋ္ဌ ဦးအေးကြူနှင့် အဖွဲ့ဝင်များထံ ပေးအပ်လှူဒါန်းကြသည်။

ယင်းနောက် လုမ္ဗိနီဘိုးဘွားရိပ်သာအမှုဆောင်ကော်မတီဥက္ကဋ္ဌ ဦးအေးကြူက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ယနေ့လှူဒါန်းမှုတွင် ဆန်၊ဆီ၊ အသုံးအဆောင်ပစ္စည်းများနှင့် ငွေပဒေသာပင် စုစုပေါင်း ငွေကျပ် (၁၄၅) သိန်းကျော် လှူဒါန်းခဲ့ကြောင်း သိရသည်။

ဖြိုးသီဟ