တိုက်ကြီး ဇန်နဝါရီ ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ ကလေးငယ်များ အသက်အရွယ်အပိုင်းအခြားအလိုက် ကိုယ်ခန္ဓာဖွံ့ဖြိုးတိုးတက်စေရန်နှင့် အာဟာရပြည့်ဝသော အစာအုပ်စုများကို သိရှိစားသောက်တတ်စေရန် ရည်ရွယ်၍ ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း (တိုက်ကြီး) ၌ ဆောင်ရွက်သည်။
အာဟာရဖွံ့ဖြိုးရေးလှုပ်ရှားမှု အစိအစဉ်ဖြစ်သည့် အာဟာရကျွေးမွေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမင်းသိန်းဦးဆောင်၍ ကျောင်းကျန်းမာရေးဆရာဝန် ဒေါက်တာသိန်းဇော်လတ်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်စန်းယုမေနှင့် အဖွဲ့ဝင်များက KG ကျောင်းသား၊ ကျောင်းသူများ အစာမစားမီနှင့် အစာစားပြီးချိန် လက်ကိုစနစ်တကျ ဆေးကြောနည်း၊ စနစ်မှန်သွားတိုက်နည်းတို့ကို သရုပ်ပြသဆောင်ရွက်ခဲ့ပြီး အာဟာရပြည့်ဝစေသည့် အစာအုပ်စုများပါဝင်သည့် ထမင်းနှင့်ဟင်းတို့ကို ကျွေးမွေးခြင်းနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ပဲနို့အာဟာရများကို တိုက်ကျွေးခဲ့ကြောင်း သိရသည်။
ဝတ်ရည် (ပြန်/ဆက်)