ကော့သောင်း ဇန်နဝါရီ ၂၉
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် မြို့နယ်အဆင့် ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားလာစေရန်နှင့် ကာကွယ်ဆေးလွှမ်းခြုံမှုအားနည်းသည့် ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေးဆွေးနွေးခြင်းနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် (၉) နာရီခွဲခန့်က ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါ အစည်းအဝေးတွင် ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းထက်က အမှာစကား ပြောကြားခဲ့ပြီး ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာလင်းထိုက်က "ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း၏ ရည်ရွယ်ချက်များ၊ ကာကွယ်ဆေးထိုးလွှမ်းခြုံမှု မြင့်မားစေရေး လက်ရှိဆောင်ရွက်လျက်ရှိသော နည်းဗျူဟာများ၊ ပုံမှန်ကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေးခြင်း လုပ်ငန်းများနှင့် လက်ရှိဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ၊ ကြုံတွေ့ခဲ့ရသည့် အခက်အခဲများ၊ ကာကွယ်ဆေးလွှမ်းခြုံမှု အားနည်းသည့်ဒေသများ၌ ကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေးခြင်းလုပ်ငန်းများ ပိုမိုအဆင်ပြေချောမွေ့စွာ အရှိန်ဟုန်မြှင့်ဆောင်ရွက်နိုင်ရေးလုပ်ငန်းများနှင့် ၂၀၂၆ ခုနှစ်တွင် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအား " ရှင်းလင်းဆွေးနွေးခဲ့သည်။
ယင်းနောက် တက်ရောက်လာကြသူများက မြို့နယ်အဆင့် ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားလာစေရန်နှင့် ကာကွယ်ဆေးလွှမ်းခြုံမှု အားနည်းသည့်ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေး အကြံပြုဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ဆွေးနွေးပွဲသို့ ကော့သောင်းမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများ၊ ကျေးလက်ကျန်းမာရေးဌာနမှ ဆရာ၊ဆရာမများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ တာဝန်ရှိသူများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူကျန်းမာရေးဦးစီးဌာနအနေဖြင့် ပုံမှန်ကာကွယ် ဆေးလွှမ်းခြုံမှု ပိုမိုအားကောင်းစေရန်အတွက် အသက် (၁) နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်း၊ အသက် (၅)နှစ်အောက် ကလေးငယ်များတွင် ကာကွယ် ဆေးဖြင့် ကာကွယ်၍ရသော ရောဂါများ ဖြစ်ပွား၊ သေဆုံးမှုမှ လျော့ချရန် ရည်ရွယ်ပြီး Big Catch-upi Routine Catch-up နည်းလမ်းများဖြင့် အသက် (၁၅)နှစ်အောက် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ၊ ကလေးများကို လိုအပ်သောကာကွယ်ဆေးများအား အထူးအစီအစဉ်ဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး လုပ်ငန်းများ (Special Immunizatión Activities)၊ ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသော ရောဂါများ ဖြစ်ပွားချိန်တွင် တုံ့ပြန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ (Outbreak Response Immunization) စသည်ဖြင့် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများကို ကလေးတိုင်းဆီသို့ရောက်ရှိအောင် နည်းလမ်းမျိုးစုံဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းတွင် ကျောင်းနေအရွယ် KG ကလေးငယ်များအား ကျောင်းအခြေ ပြု ဆုံဆို့-မေးခိုင်ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်း၊ အသက် (၉) နှစ်မှ (၁၀) နှစ်အရွယ် အမျိုးသမီးငယ်များအား ကျောင်းအခြေပြုနှင့် ပြည်သူလူထုအခြေပြုသားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်း၊ ကျန်းမာရေးဝန်ထမ်းများအား နှစ်စဉ်ရာသီတုပ်ကွေးရောဂါ ကာကွယ် ဆေးထိုးလုပ်ငန်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)