ကာကွယ်ဆေးလွှမ်းခြုံမှု အားနည်းသည့်ဒေသများတွင် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးသည့် လုပ်ငန်းများပိုမိုဆောင်ရွက်နိုင်ရေး ဆွေးနွေး

ဝါးခယ်မ ဇန်နဝါရီ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးလွှမ်းခြုံမှုအားနည်းသည့်ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့် လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌကိုယ်စား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲလင်းအောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဝင်းထက်က ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းလုပ်ငန်းများအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာခင်သူဇာတင်က ကာကွယ်ဆေးထိုးလုပ်ငန်းနှင့် ပတ်သက်၍ လက်ရှိဆောင်ရွက်နေမှုများကို Power Point ဖြင့်  ရှင်းလင်းပြောကြားပြီး ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းဆိုင်ရာ မှတ်တမ်း Video Clip အား ပြသခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)