ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၆ ခုနှစ် Grade-12 တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေး ဘာသာရပ်ဆိုင်ရာသိကောင်းစရာများဟောပြောပွဲ အခမ်းအနားတက်ရောက်

ပုသိမ် ဇန်နဝါရီ ၂၉

၂၀၂၆ ခုနှစ် Grade-12 တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးဘာသာရပ်ဆိုင်ရာ သိကောင်းစရာများဆွေးနွေးဟောပြောပွဲကို ယမန်န်နေ့နံနက်ပိုင်းက ပုသိမ်ခရိုင်၊ ငပုတောမြို့ အခြေခံပညာအထက်တန်းကျောင်း၊ နဝရတ်ခန်းမတွင်ပြုလုပ်ခဲ့ရာ ဟောပြောပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပုသိမ်တက္ကသိုလ်မှ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြသည်။

ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်က “တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေးအတွက် နှစ်စဉ် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ဘာသာရပ်ဆိုင်ရာသိကောင်းစရာ ဆွေးနွေးဟောပြောပွဲ များကိုလည်းပြုလုပ်ခဲ့ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ အားနည်းသည့်  ဘာသာရပ်များအလိုက်ထိရောက်စွာ အချိန်ပိုသင်ကြားခြင်းများကိုလည်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ တက္ကသိုဝင်တန်းအကြိုစာမေးပွဲ ဒုတိယအကြိမ် ဖြေဆိုခဲ့ပြီးဖြစ်၍ ကျောင်းသား၊ ကျောင်းသူများ၏ အားနည်းချက်အားသာချက်များအလိုက် ပိုမိုဖြည့်ဆည်း သင်ကြားပေးရန် လိုပါကြောင်းနှင့် တစ်ကြိမ်ထက်တစ်ကြိမ် တိုးတက်မှုရှိရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအမှတ်ပေးစည်းမျဉ်း စည်းကမ်းနှင့်အညီဖြေဆိုနိုင်ရေး တက္ကသိုလ်မှဆရာကြီး၊ ဆရာမကြီးများက ဆွေးနွေးပို့ချသွားမည်ဖြစ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ အနေဖြင့်လည်းဆွေးနွေးချက်များကို ဂရုစိုက်မှတ်သားနားထောင်၍ မရှင်းလင်းသည်များကို မေးမြန်း ဆွေးနွေးသွားကြရန်လိုပါကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေးအတွက်လည်း တာဝန်ရှိသူအားလုံးက ပူးပေါင်းဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်းနှင့် လိုအပ်သည်များကိုလည်း အကြံပြုဆွေးနွေးပေးကြစေလိုကြောင်း” ပြောကြားခဲ့ပြီး ကျောင်း သား၊ ကျောင်းသူများအား စားသောက်ဖွယ်ရာ များပေးအပ်ခဲ့သည်။

ထို့နောက်ပုသိမ်တက္ကသိုလ်မှ ဆရာကြီး၊ ဆရာမကြီးများက မြန်မာစာဘာသာရပ်၊ အင်္ဂလိပ်စာ ဘာသာရပ်၊ သင်္ချာဘာသာရပ်၊ ဓာတုဗေဒဘာသာရပ်၊ ရူပဗေဒဘာသာရပ်၊ ဇီဝဗေဒဘာသာရပ်၊ပထဝီဝင်ဘာသာရပ်၊ သမိုင်းဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်များနှင့်စပ်လျဉ်း၍ အမှတ်ပေး စည်းမျဉ်းနှင့်အညီဖြေဆိုနိုင်ရေး ကျောင်းသား၊ ကျောင်းသူများအား ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။

ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်းအတွင်းတွင် ဖူဆယ် အားကစားရုံ (၁၅၀ ပေ × ၁၁၀ ပေ) အဆောက်အဦ ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး အဆောက်အဦဆောက်လုပ်ရာတွင် သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့်အညီ ဆောက်လုပ်ရမည့်အပြင် အဆောက်အဦအရည်အသွေးပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးကိုလည်း အလေး ထားဆောင်ရွက်ရန် မှာကြားခဲ့သည်။

ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ပြုလုပ်သည့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် ခင်းကျင်းရောင်းချ ပြသမည့်အစီအမံအား ရှင်းလင်းတင်ပြခြင်း အစည်းအဝေးသို့တက်ရောက်ခဲ့ရာ တာဝန်ရှိသူများက ခင်းကျင်းပြသမည့်ပြခန်းများနေရာချထားမှု၊ တိုင်းဒေသကြီး၏ MSME ထုတ်ကုန်ပြခန်းနှင့် ဒေသရိုးရာအစားအစာအရောင်းပြခန်းများ နေရာချထားမှုအခြေအနေများ၊ MSME ထုတ်ကုန် ပြခန်းနှင့်ဒေသရိုးရာအစားအစာ အရောင်းပြခန်းတွင် ပြသရောင်းချမည့်ပစ္စည်းများအား ရှင်းလင်း တင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “MSME ထုတ်ကုန်ပြခန်းနှင့် ဒေသရိုးရာအစားအစာ အရောင်းပြခန်းများသည် ယခင်နှစ်များ၏ အားသာချက်၊ အားနည်းချက်များကို သုံးသပ်ပြီး အကောင်းဆုံး ခင်းကျင်းပြသရောင်းချနိုင်ရန်နှင့်ပစ္စည်းအမျိုးအစားများ စုံစုံလင်လင် ခင်းကျင်း ပြသရောင်းချနိုင်ရေးဆောင်ရွက်ရန်လိုကြောင်း၊ ဒေသထွက်ထုတ်ကုန်များ၏ ထုတ်လုပ်မှုလုပ်ငန်းစဉ် အဆင့်ဆင့်ကို ရိုက်ကူးထားသော Video Clipများ ပြသနိုင်ရေး စီစဉ်ဆောင်ရွက်ကြရန်လိုကြောင်း၊ ဒေသရိုးရာအစားအစာများသည် သန့်ရှင်းလတ်ဆတ်ပြီး ရောင်းချပေးရာတွင် ကုန်ပစ္စည်းစာရင်းအလိုက်ပြတ်လပ်မှုမဖြစ်စေရေး လုံလုံလောက်လောက် ယူဆောင်ရောင်းချပေးရန်လိုကြောင်း” မှာကြားခဲ့ပြီးအစည်းအဝေးသို့ တက်ရောက်လာသူများမှ ဆွေးနွေးတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်