ကော့မှူးမြို့နယ်တွင် ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် ဌာနဆိုင်ရာရုံးများ၊ အ‌ခြေခံပညာကျောင်းများအရောက် စာအုပ်စာစောင်များ လိုက်လံငှားရမ်း‌ပေး

 

ကော့မှူး ဇန်နဝါရီ ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများနှင့် ကျောင်းသား/ ကျောင်းသူများ အသိပညာဗဟုသုတများ တိုးပွားရရှိစေရန်နှင့် စာအုပ်၊ စာစောင်များ အခမဲ့အလွယ်တကူဖတ်ရှုနိုင်စေရန် ရည်ရွယ်ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် ဌာနဆိုင်ရာရုံးများနှင့် စာသင်ကျောင်းများအရောက် စာအုပ်များ အခမဲ့လိုက်လံငှားရမ်း‌ပေးလျက်ရှိရာ ဇန်နဝါရီ ၂၇ ရက်နေ့ နံနက်က အ.လ.က (မြို့ကုန်း) ကျောင်းနှင့် အ.လ.က (ပိန္နဲကုန်း) ကျောင်းများ၌ငှားရမ်းပေးနေကြောင်း သိရသည်။

ကော့မှူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ကျေးရွာ/ရပ်ကွက်များ၊ ဌာနဆိုင်ရာရုံးများအရောက် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် သုတ၊ ရသ စာအုပ်များ၊ ကလေးစာပေများ၊ စာဖတ်သူအကြိုက် စာအုပ်၊ စာစောင်များကို (၂) ပတ်တစ်ကြိမ် သွားရောက်ငှားရမ်းပေးလျက်ရှိရာ စာပေဝါသနာရှင်များနှင့် ကျောင်းသားလူငယ်များ အထူးသဘောကျနှစ်ခြိုက်လျက်ရှိကြောင်း သိရှိရသည်။

ကော့မှူးမြို့နယ် ပြန်ကြားရေးပြည်သူဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ပြည်သူများ၊ ကျောင်းသား/ ကျောင်းသူလူငယ်လူရွယ်များ စာပေနှင့် ရင်နှီးပြီး စာအုပ်စာစောင်များ လေ့လာဖတ်ရှုနိုင်စေရန်အတွက် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ပေါ်တွင် သုတ/ရသ ၂၀၀၀ ကျော်ဖြင့် ကျေးရွာ နေပြည်သူများ၊ဌာနဆိုင်ရာရုံးများနှင့် ကျောင်းသားကျောင်းသူများ လွယ်လင့်တကူ လေ့လာငှားရမ်းဖတ်ရှုနေနိုင်ရန် အစိုးရရုံးပိတ်ရက်မှအပ လိုက်လံငှားရမ်း‌ပေးနေပြီး စာငှားကဒ်တစ်ခုလျှင် နှစ်အုပ်နှူန်းဖြင့် ရက်သတ္တပတ်နှစ်ပတ်ကြာ ငှားရမ်းနိုင်ပြီးနှစ်ပတ်ပြည့်ပါက စာအုပ်အသစ်များဖြင့် ပြန်လည်ငှားရမ်း‌ပေးပြီး အသင်းဝင်လိုသူများကိုလည်း စာငှားကဒ်များ အခမဲ့ပြုလုပ်ဆောင်ရွက်ပေးနေကြောင်း သိရသည်။

ကျော်သူရ