ကြံခင်း ဇန်နဝါရီ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ မဟာဘောဂလမ်း၊ ဈေးတာဝန်ခံရုံးရှေ့တွင် အခြေခံပြည်သူများ ဈေးနှုန်းသက်သာစွာဝယ်ယူနိုင်စေရန် မြို့နယ်ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးကော်မတီဦးဆောင်မှုဖြင့် ဇန်နဝါရီလ ၂၉ ရက်နေ့ နံနက် ၈ နာရီက အခြေခံ စားသောက်ကုန်များဖြစ်သော ဆန်၊ ကြက်ဥ၊ စားအုန်းဆီနှင့် အသားဟင်းလျာများကို စျေးနှုန်း သက်သာစွာဖြင့် ရောင်းချပေးလျက်ရှိသည်။
ထိုသို့ရောင်းချပေးရာတွင် မြို့နယ်ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးကော်မတီနှင့် စားအုန်းဆီလက်လီလက်ကားရောင်းဝယ်ရေးလုပ်ငန်းရှင်များ ပူးပေါင်း၍ စားအုန်းဆီ ပိဿာ ၁၁၀၊ ဆန် ၅ အိတ်၊ ကြက်ဥ အလုံး ၅၀၀ အမဲသားနှင့် ဝက်သား ၁၀ ပိဿာတို့အား တစ်ပြည်ငွေကျပ် ၂၀၀၀၊ ကြက်ဥငါးလုံးပါ တစ်ထုပ်ငွေကျပ် ၂၀၀၀ ကျပ်၊ ဆီငါးဆယ်ကျပ်သား ငွေကျပ် ၃၃၅၆ အမဲသားနှင့် ဝက်သား ၂၅ ကျပ်သားလျှင် ငွေကျပ် ၅၀၀၀ နှုန်းတို့ဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့မှဝန်ထမ်းများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များက စားသုံးသူများ လက်ဝယ် အရောက် ဈေးနှုန်းသက်သာစွာ ရောင်းချပေးကြသည်။
အဆိုပါရောင်းချနေမှုကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်း၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်းဆီကုန်သည်အသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးကျော်ဝင်းမော်တို့ကလိုက်လံကြည့်ရှုကာ စားသုံးသူပြည်သူများ စျေးနှုန်းသက်သာစွာနှင့် အဆင်ပြေစွာဝယ်ယူနိုင်ရန် ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ဖြိုးဝေလင်း