အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

မိုင်းပန် မတ် ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နမ့်ပန် ခန်းမတွင် ယမန်နေ့ ညနေ ၄ နာရီအချိန်က အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ(Covid-19) နှင့် ပတ်သက်၍ အသိပညာပိုမိုတိုးတက်စေရန်နှင့် ရောဂါမဖြစ်စေရန် ကာကွယ်ရမည့် နည်းလမ်းများအား ဌာနဆိုင်ရာများမှ ပူးပေါင်း၍ ကာကွယ်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ မြို့နယ်အုပ်ချုပ်ရေးမှူးက ယခုလို ခေါ်ယူဆွေးနွေးရခြင်းဖြစ်ပါကြောင်းနှင့် သံသယလူနာတွေ့ရှိပါက ဆက်သွယ်အကြောင်းကြား စေလိုကြောင်း ပြောကြားပြီး (Covid-19) ရောဂါနှင့်ပတ်သက်သည့် ဗီဒီယိုဖိုင်များအား ဖွင့်လှစ်ပြသခဲ့သည်။ ထို့နောက် မိုင်းပန်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သူနာပြုဆရာမ ဒေါ်အိမို့မို့ကျော်နှင့် မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ သားဖွားဆရာမ ဒေါ်နန်းလိန်ခမ်းတို့မှ (Covid-19) ရောဂါနှင့် ပတ်သက်သည့် အကြောင်းအရာများအားရှင်းလင်းပြောကြားခြင်း၊ ရောဂါကာကွယ်ရန်အတွက် လိုက်နာရမည့် နည်းလမ်းများနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ရောဂါနှင့်ပတ်သက်၍ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ထားသည့် နောက်ဆုံးထုတ်ပြန်ချက်များအား ရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာတင်ခိုင်မှ ရောဂါနှင့်ပတ်သက်၍ သိထားသင့်သည့် အချက်အလက်များအား အကျယ်တဝင့်ရှင်းလင်းပြောကြားကာ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး ထွဋ်ဦးရှိန်မှ မိမိတို့ရဲတပ်ဖွဲ့အနေနှင့်လည်း ပြည်သူတို့၏ လူမှုစီးပွားဘဝ လုံခြုံတိုးတက်ရေးအတွက် ကာကွယ်စောင့်ရှောက်ရမည့် တာဝန်ရှိကြောင်းနှင့် ရောဂါနှင့်ပက်သက်၍ သံသယလူနာတွေ့ရှိပါက သတင်းပေးပို့စေလိုကြောင်း ဆွေးနွေးခဲ့သည်။

အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စာရေးဝန်ထမ်းများ စုစုပေါင်း (၄ဝ) ဦးခန့် တက်ရောက်ခဲ့ပြီး  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ရောဂါနှင့် ပတ်သက်သည့် လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။

မိုင်းပန်(ပြန်/ဆက်)