ကံမမြို့နယ်၌ ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရန် အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

ကံမ ဇန်နဝါရီ ၃၀

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရန်နှင့် ကာကွယ်ဆေးလွှမ်းခြုံမှု အားနည်းသည့်ဒေသများတွင် ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးသည့်လုပ်ငန်းများကို ပိုမိုဆောင်ရွက်နိုင်ရေးအတွက်  အသိပညာပေးဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ  ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသက်လွင်ဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသက်ဦးဟန်က ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ကျန်းမာရေးမှူး ဒေါ်အေးစုခိုင်က ရှေ့ဆက်ဆောင်ရွက်မည့် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများနှင့် ပတ်သက်၍ Power Point နှင့်တကွ ဆွေးနွေးတင်ပြခဲ့ပြီး တက်ရောက်လာကြသူများက သိရှိလိုသည့် မေးမြန်းချက်များအား တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။

ကျော်ဇေယျဝင်း(ကံမ)