တွံတေး ဇန်နဝါရီ ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ တကလှဲ့ကျေးရွာအုပ်စု၊ ကန်ပတ်ရိုးကျေးရွာတွင် အလှူရှင်မှလှူဒါန်းသော တစ်ထပ်ကျောင်းဆောင်သစ်နှင့် ကျောင်းစာကြည့်တိုက်သစ်ဖွင့်ပွဲ လွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါကျောင်းဆောင်သစ်ရှေ့၌ ကျင်းပသည်။
အဆိုပါမူလွန်ကျောင်းဆောင်သစ်ဖွင့်ပွဲတွင် တွံတေးခရိုင်၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညွှန့်နွယ်၊ ခရိုင်ပညာရေးမှူး ဒေါ်ဝင်းရည်မွန်၊ အလှူရှင် မောင်နိုင်ရဲတင့်တို့က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ အလှူရှင် မကေခိုင်အောင်မြင်က စာသင်ကျောင်းဆောင်သစ်၊ စာကြည့်တိုက်သစ်နှင့် သင်ထောက်ကူပစ္စည်းများ လှူဒါန်းခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် ဆောက်လုပ်ပြီးစီးသော ကျောင်းဆောင်သစ်၊ စာကြည့်တိုက်သစ်နှင့် သင်ထောက်ကူပစ္စည်းနှင့် ပတ်သက်သည့် စာရွက်စာတမ်းများအား အလှူရှင်မောင်နိုင်ရဲတင့်+မကေခိုင်အောင်မြင်တို့မှ ပညာရေးဌာနသို့ပေးအပ်ရာ ခရိုင်ပညာရေးမှူးဒေါ်ဝင်းရည်မွန်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများအား အလှူရှင်ထံ ပြန်လည်ပေးအပ်ခဲ့သည်။
ထို့နောက် အခြေခံပညာ (မူလွန်) ကန်ပါတ်ရိုး ကျောင်းအုပ်ဆရာမကြီး ဒေါ်မေသန္တာလှိုင်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှခိုင်တို့က ကျေးဇူးတင်စကားပြောကြားခဲ့သည်။
အဆိုပါကျောင်းဆောင်သစ်၊ စာကြည့်တိုက်သစ်အား ဖဲကြိုးဖြတ်ဖွင့်ပွဲကျင်းပရာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညွှန့်နွယ်၊ ခရိုင်ပညာရေးမှူး ဒေါ်ဝင်းရည်မွန်၊ မြို့နယ်တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် အလှူရှင်မိသားစုများက ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။ ယင်းနောက် အလှူရှင်မိသားစုက ကျောင်းဆောင်သစ်နှင့် စာကြည့်တိုက်သစ်အား အမွှေးနံသာရည်များဖြင့် ပတ်ဖြန်းပြီး စုပေါင်မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြကြောင်းသိရသည်။ ဆက်လက်၍ အလှူရှင်မိသားစုက ရွှေမိုး၊ ငွေမိုးများ ရွာသွန်းပေးခဲ့ကြောင်း သိရသည်။
ကျောင်းဆောင်သစ်၊ စာကြည့်တိုက်သစ်ကို နှစ်ဖက်မိဘများအား အမှူးထား၍ မောင်နိုင်ရဲတင့်+ မကေခိုင်အောင်မြင့်တို့၏ မင်္ဂလာဦးအလှူအဖြစ် မူလတန်းလွန်ကျောင်းအတွက် ကျပ်သိန်း (၄၅၂၇၃၀၀၀၀) တန်ဖိုးရှိ စာသင်ကျောင်းဆောင်သစ်အဆောက်အဦး၊ ကျောင်းစာကြည့်တိုက်အဆောက်အဦးနှင့် သင်ထောက်ကူပစ္စည်းများ လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။
မျိုးလှိုင်