လှိုင်သာယာ ဇန်နဝါရီ ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၊ အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူးကျင်းပသော ပတ်၀န်းကျင်စိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၁၀) နာရီ၌ အမှတ် (၂) ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း အမှတ် (၁) အားကစားခန်းမ၌ ကျင်းပသည်။
အဆိုပါအသိပညာပေးဟောပြောပွဲတွင် အင်းစိန်ခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ရွှေယမင်းဦးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်၀င်းမူက ပတ်၀န်းကျင်စိမ်းလန်းစိုပြေရေးနှင့် သာယာလှပရေးအသိပညာပေး အကြောင်းအရာများ ဟောပြောသည်။ ဆက်လက်၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ လက်ထောက်အုပ်ချုပ်ရေးမှူး ဦးခင်ဇော်အောင်က သဘာဝပတ်၀န်းကျင်စိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်းရေးဆိုင်ရာ အသိပညာပေးဟောပြောသည်။ ထို့နောက် အသိပညာပေးဟောပြောသူများအား အမှတ်တရဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်သည်။
အဆိုပါအခမ်းအနားသို့ အင်းစိန်ခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သူဇာသိမ့်နှင့် အဖွဲ့၀င်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ အဖွဲ့၀င်များ၊ အခြေခံပညာအထက်တန်းကျောင်းအမှတ် (၁) မှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်လျက်ရှိပြီး အမှတ် (၂) ရပ်ကွက်၊ အုပ်ချုပ်ရေးမှူး ဦးဆန်းမြင့်နှင့် အဖွဲ့ဝင်များက လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် အချိုရည်နှင့် မုန့်များ ပေးဝေလျက်ရှိကြောင်း သိရသည်။
ခင်၀င်းမူ (ပြန်/ဆက်)