ရေနံချောင်းမြို့ အမှတ်(၁၂) အ.မ.ကကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် တိုင်းရင်းဆေးဖြင့် အခမဲ့ဆေးကုသပေးခြင်းများ ဆောင်ရွက်

ရေနံချောင်း ဇန်နဝါရီ ၃၀

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနတို့ ပူးပေါင်းကာ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် ကျောင်းသား၊ ကျောင်းသူများအား တိုင်းရင်းဆေးဖြင့် အခမဲ့ဆေးကုသပေးခြင်းကို ယမန်နေ့နံနက် နာရီခွဲက မြေနီခင်တောင်ရပ်ကွက် အမှတ်(၁၂)အခြေခံပညာမူလတန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချိုမီအောင်က ကျောင်းသားကျောင်းသူများ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရေး၊ ဖတ်မှတ်စွမ်းရည်များတိုးတက်စေရေးနှင့် စာပေဖတ်ရှုခြင်းမှရရှိလာမည့် အကျိုးကျေးဇူးများကိုလည်းကောင်း မြို့နယ်တိုင်းရင်းဆေးကုဌာန တိုင်းရင်းဆေးမှူး ဒေါ်မြင့်မြင့်ကြည်က ဝမ်းပျက်ဝမ်းလျောရောဂါ၊ ဝဲယာနားရောဂါ ဖြစ်ပွားရသည့်အကြောင်း အရင်းများနှင့် အစာမစားမီ စနစ်တကျလက်ဆေးနည်းများကိုလည်းကောင်း အသိပညာပေးဟောပြောပြီး ကျောင်းသား၊ ကျောင်းသူများအား တိုင်းရင်းဆေးဖြင့် အခမဲ့ကျန်းမာရေးစစ်ဆေးကုသပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများ ဖတ်မှတ်စွမ်းရည်တိုးတက်စေရန်အတွက် တေဇ၊ ကာတွန်းရုပ်ပြ၊ ကလေးစာပေများဖြင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော ကလေးအလုပ်သမားပပျောက်ရေး၊ စာဖတ်ရှိန်မြှင့်တင်ရေး၊ လူကုန်ကူးမှုအန္တရာယ်၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)