ပခုက္ကူမြို့ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၌ မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကျင်းပ

ပခုက္ကူ ဇန်နဝါရီ ၃၀

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၌ (၂၄)ကြိမ်မြောက် သူနာပြု-သားဖွားဒီပလိုမာ သင်တန်းသား/သင်တန်းသူများ၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပခုက္ကူခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်က အဖွင့်အမှာစကားပြောကြားပြီး ပခုက္ကူမြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဝေဝေဦးက မောင်မယ်သစ်လွင်များအား ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။

ဆက်လက်၍ ပခုက္ကူမြို့ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းကျောင်းအုပ်ကြီး ဒေါ်နိုင်နိုင်အေးက သင်တန်းကျောင်းသမိုင်းကြောင်းနှင့် သင်တန်းစည်းမျဉ်းစည်းကမ်းများအကြောင်း ရှင်းလင်းပြောကြားပြီး မောင်မယ်သစ်လွင် သင်တန်းသား/သင်တန်းသူများက တစ်ဦးချင်းအလိုက်မိတ်ဆက်ခြင်း၊ သူနာပြုနှင့်သားဖွား သင်တန်းသား/သင်တန်းသူများကိုယ်စား ဒုတိယနှစ်သင်တန်းသူတစ်ဦးက မောင်မယ်သစ်လွင်များအား ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခြင်း၊ မောင်မယ်သစ်လွင်များကိုယ်စား ပထမနှစ်သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခြင်းများ ဆောင်ရွက်ကြသည်။

ထို့နောက် သင်တန်းသူများက တေးသီချင်းအကများဖြင့် ကပြဖျော်ဖြေကြရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ကြသည်။

ပခုက္ကူမြို့ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၌ ၂၀၂၆ ခုနှစ် ပညာသင်နှစ်တွင် ပထမနှစ် ၄၈ ဦး၊ ဒုတိယနှစ် ၄၅ ဦး၊ တတိယနှစ်(Junior) ၄၉ ဦး၊ တတိယနှစ် (Senior) ၄၆ ဦး စုစုပေါင်း သင်တန်းသား/ သင်တန်းသူ ၁၈၈ဦး တက်ရောက်ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)