စဉ့်ကိုင်မြို့နယ်နှင့်ပလိပ်မြို့နယ်ခွဲတို့၌ ရည်ညွှန်းဈေးဖြင့် စားအုန်းဆီ ၁၂၁၀ ပိဿာ ရောင်းချပေး

ကျောက်ဆည် ဇန်နဝါရီ ၃၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းဝင် စားသုံးဆီအရောင်းဆိုင်များမှ ယမန်နေ့က စဉ့်ကိုင်မြို့နှင့်ပလိပ်မြို့နယ်ခွဲတို့၌ ရည်ညွှန်းဈေးဖြင့် စားအုန်းဆီ ၇၂၅၀ ပိဿာ ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ရောင်းချပေးရာတွင် စဉ့်ကိုင်မြို့နယ်၌ ဦးစိုးမောင် (အောင်စိုးမိုး) ဆီအရောင်းဆိုင်မှ စွယ်စုံ၊ ချောင်းဆုံ၊ သာစည်၊ ဆည်ကတော်၊ရှမ်းကန်တောင်ကျေးရွာပြည်သူများအား စားအုန်းဆီ ၆၆၀ ပိဿာ၊ ဦးအောင်ကြိုင် (ကျော်ကျော်မင်း) ဆီအရောင်းဆိုင်မှ တပတ်ဆွဲကျေးရွာ ပြည်သူများအား ၂၂၀ ပိဿာ၊ ပလိပ်မြို့နယ်ခွဲ၌ ဦးကျော်ဆွေဝင်း (ငွေပင်လယ်) စားအုန်းဆီအရောင်းဆိုင်မှ စိတ္တရရပ်ကွက်ပြည်သူများ အား  စားအုန်းဆီ ၃၃၀ ပိဿာ စုစုပေါင်း ၁၂၁၀ ပိဿာ ရောင်းချပေးခဲ့ကြောင်း ကျောက်ဆည်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင် အသင်းမှ သိရသည်။

စားသုံးဆီဝယ်ယူသူ ပြည်သူများအဆင်ပြေစေရေး ဆီဝယ်ယူခွင့် စာအုပ်များပြုလုပ်ပေးခဲ့ပြီး စာအုပ်တစ်အုပ်လျှင်(၂)ပိဿာနှုန်းဖြင့် သတ်မှတ်ရည်ညွှန်းဈေးဖြင့် စားအုန်းဆီတင်သွင်းသည့် ကုမ္ပဏီများနှင့်ချိတ်ဆက်ပြီး ကျန်းမာရေးနှင့် ညီညွှတ်သောစားသုံးဆီများကို သတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းပြည့်မီစွာဖြင့်ပြည်သူများ လက်ဝယ်အရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။

စုစုအေး(ကျောက်ဆည်)