မြောက်ဥက္ကလာပ ဇန်နဝါရီ ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ ကိုယ်၀န်ဆောင်မိခင်များနှင့် မွေးစမှအသက် ၂ နှစ်အောက် ကလေးများအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ဇန်နဝါရီ ၂၈ ရက်နေ့ နံနက်ပိုင်းက မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် သတ်မှတ်စုရပ်ရပ်ကွက်အသီးသီးတွင် နေ့ရက်များအလိုက် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုးမင်းထွန်း ဦးဆောင်ကြီးကြပ်၍ မြို့နယ်ကျန်းမာရေးဌာနမှ ၀န်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်များမှ ကိုယ်၀န်ဆောင်များနှင့် မွေးစမှအသက် ၂ နှစ်အောက် ကလေးများအား ဘီစီဂျီ၊ အသည်းရောင်အသားဝါ (ဘီ)၊ ပြင်းထန်၀မ်းပျက်၀မ်းလျှော (ရိုတာ)၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင် (ပီစီဗီ)၊ ဆုံဆို့-ကြက်ညာ-မေးခိုင်-အသည်းရောင်အသားဝါ (ဘီ) ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ၀က်သက်ဂျိုက်သိုး၊ ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးများကို အသက်အရွယ်၊ အပိုင်းအခြားအလိုက် ထိုးနှံပေးလျက်ရှိပြီး မြို့နယ်အနေဖြင့် ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို သတ်မှတ်ရပ်ကွက်စုရပ်နေရာများတွင်လည်း ကွင်းဆင်းကာ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
သက်လွင်စိုး (ပြန်/ဆက်)