ပုဇွန်တောင် ဇန်နဝါရီ ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူး၍ အမျိုးသမီးများအား အကြမ်းဖက်မှု၊ တရားမဝင်လူကုန်ကူးမှုနှင့် သက်ငယ်မုဒိန်းမှုများ ကာကွယ်စောင့်ရှောက်ရေး အသိပညာပေးဟောပြောပွဲအခမ်းအနားကို ဇန်နဝါရီ ၂၈ ရက်နေ့ နံနက် ၉ နာရီအချိန်က အမှတ် (၁) ရပ်ကွက်ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း အနော်ရထာခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နှင်းနှင်းအေးက အသိပညာပေးဟောပြောပွဲနှင့် စပ်လျဉ်း၍ ရှင်းလင်းခဲ့သည်။ ဆက်လက်ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချစ်ဆွေက လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာများကိုလည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိ ဒေါ်မေဖြိုးခိုင်က အမျိုးသမီးများ အကြမ်းဖက်မှုနှင့် သက်ငယ်မုဒိန်းမှုများမှ ကာကွယ်နိုင်ရန်တို့ကိုလည်းကောင်း အသိပညာပေးဟောပြောခဲ့ကြပြီး ဟောပြောမှုအပေါ် ကျောင်းသား/ကျောင်းသူများအား ပြန်လည်ဆွေးနွေးမေးမြန်းခဲ့ပြီး ဖြေဆိုနိုင်သူများကို ဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နှင်းနှင်းအေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ တာဝန်ခံမြို့နယ်ပညာရေးမှူး ဦးခင်စိုး၊ ကျောင်းအုပ်ဆရာ မကြီးဒေါ်ခင်ထားနွယ်နှင့် ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး အခမ်းအနားတက်ရောက်လာသူများအား မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နှင်းနှင်းအေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များက အာဟာရမုန့်များ ဝေငှပေးခဲ့ကြောင်း သိရသည်။
ဟန်စုယဉ်