ရခိုင်ပြည်နယ်ဝန်ကြီးချုပ် MSME ထုတ်ကုန်ပြပွဲ အခမ်းအနား၌ ဖျော်ဖြေတင်ဆက်မည့် ရခိုင်တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့မှ  ယိမ်းအကများဖြင့် ဖျော်ဖြေတင်ဆက်ခြင်းအခမ်းအနား တက်ရောက်

စစ်တွေ    ဇန်နဝါရီ     ၃၀

(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ ဂုဏ်ပြုညစာစားပွဲ၊ MSME ထုတ်ကုန်ပြပွဲအခမ်းအနား၌ ဖျော်ဖြေတင်ဆက်မည့် ရခိုင်တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့မှ  ယိမ်းအကများဖြင့် ဖျော်ဖြေတင်ဆက်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့ ခိုင်သဇင်ခန်းမ၌ ကျင်းပသည်။

ဦးစွာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းက ဖေဖော်ဝါရီ (၁၂) ရက်သည် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ဖြစ်ကြောင်း၊ ပြည်ထောင်စုဖွား တိုင်းရင်းသားတို့သည် အေးအတူပူအမျှလက်တွဲ နေထိုင်လာခဲ့ကြသည်မှာ သမိုင်းနှင့်အမျှပင်ဖြစ်ကြောင်း၊ ပြည်ထောင်စုနေသည် (၇၉) နှစ်ပြည့်မြောက်ခဲ့ပြီးဖြစ်၍ လက်ရှိကာလတွင် မိမိတို့နိုင်ငံသည် တိုင်းရင်းသားညီအစ်ကိုအချင်းချင်း ညီညွတ်မှုမရှိသဖြင့် တည်ငြိမ်မှုပျက်ပြားနေသည်ကိုတွေ့ရကြောင်း၊ ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်ရန်အတွက် တည်ငြိမ်အေးချမ်းမှုကို ရရှိရန်လိုအပ်ပြီး ထိုတည်ငြိမ် အေးချမ်းမှု အတွက် ဒေသခံပြည်သူများကိုယ်တိုင် ပြည်ထောင်စုစိတ်ဓာတ်ကိုအခြေခံ၍ စုပေါင်းအားဖြင့် ပူးပေါင်းပါဝင်ရန်လိုအပ်ကြောင်း၊ ၁၉၆၆ ခုနှစ်မှစတင်၍ ပြည်ထောင်စုနေ့ ဂုဏ်ပြုညစာစားပွဲ အခမ်းအနားတွင် ရခိုင်ရိုးရာယဉ်ကျေးမှုများကို ဖော်ထုတ်တင်ဆက် လာခဲ့ကြောင်း မှတ်တမ်းများအရတွေ့ရှိရကြောင်း၊ ၁၉၆၆ ခုနှစ်(၁၉)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွင် ရခိုင်ရိုးရာယဉ်ကျေးမှုအဖွဲ့မှ ပထမဦးဆုံး သျှိုင်ဒိုင်ယိမ်းအကဖြင့် ကပြဖျော်ဖြေခဲ့ကြောင်း၊ ရခိုင်ရိုးရာယဉ်ကျေးမှု အဖွဲ့အနေဖြင့် နှစ်စဉ်ကျင်းပသည့် ပြည်ထောင်စုနေ့အခမ်းအနားများသို့သွားရောက်ပြီး ရခိုင့်ယဉ်ကျေးမှုများကို ဖော်ထုတ်ခွင့်ရရှိခဲ့ကြောင်း၊ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့တွင် ရခိုင်တိုင်းရင်းသားတို့၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်တစ်ခုဖြစ်သည့် ရိုးရာရက်ကန်း ပညာမတိမ်ကောမပပျောက်စေရန်နှင့် ထွန်းကားခဲ့ကြောင်းကို ပေါ်လွင်ထင်ရှားစေရန် အယသမင်္ဂီယိမ်းကို အဓိကယိမ်းအဖြစ် တင်ဆက်ကပြမည်ဖြစ်ကြောင်း၊ ရှေးရခိုင်ဘုရင်းမင်းမြတ်များက ရက်ကန်းပညာတွင် ထူးချွန်သူများကို အယသမင်္ဂီဘွဲ့ကို  ပေးအပ်ချီးမြှင့်လေ့ရှိကြောင်း၊ ရခိုင်ရာဇဝင်များတွင် ဖော်ပြထားကြောင်း တွေ့ရှိရကြောင်း၊  ထို့ပြင် နေပြည်တော်တွင် ကျင်းပမည့် MSME ပြပွဲနှင့် ပြိုင်ပွဲအခမ်းအနားတွင် ပြည်နယ်၊ တိုင်းဒေသကြီး အသီးသီးက ပြခန်းများ ပြုလုပ်ရမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်ယဉ်ကျေးမှုအဖွဲ့က ဖွင့်ပွဲအခမ်းအနားနှင့် ပြခန်း ပြပွဲပြိုင်ပွဲတွင် ညစဉ်အလှည့်ကျ ကပြဖျော်ဖြေရ မည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်ယဉ်ကျေးမှု ကိုယ်စားလှယ်များအနေဖြင့် ကျန်းမာရေးကို ဂရုစိုက်ကြရန်မှာကြား လိုကြောင်း၊ ပြည်နယ်ကိုယ်စားပြုသွားသွားကြရမည်ဖြစ်သည့်အတွက် ပြည်နယ်၏ ဂုဏ်သိက္ခာမညှိုးနွမ်းစေရန် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊  အဖွဲ့ခေါင်းဆောင်နှင့်အုပ်ချုပ်သူများ၏ ဆုံးမစကားများကိုလည်း လိုက်နာကြရန် လိုအပ်ကြောင်း၊ ဘိုးစဉ်ဘောင်ဆက် ရှည်လျားသည့် သမိုင်းကြောင်းနှင့်မြင့်မားသည့် ရိုးရာယဉ်ကျေးမှုများစွာကို ပိုင်ဆိုင်ခဲ့သည့် ရခိုင်လူမျိုးတို့၏ ရိုးရာဓလေ့နှင့် အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်း တန်ဖိုးထားတက်စေရန် ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ဂုဏ်ပြုညစာစားပွဲ အခမ်းအနားတွင် ဖျော်ဖြေတင်ဆက်မည့် အယသမင်္ဂီယိမ်းအကဖြင့် ဂါရဝပြတင်ဆက် ကပြသီဆိုဖျော်ဖြေပေးကြသည်။ ယင်းနောက် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ဂုဏ်ပြုညစာစားပွဲ၊ MSME ထုတ်ကုန်ပြပွဲတို့တွင် ရိုးရာမူဟန်ရခိုင်သင်္ကြန် ယိမ်းအကနှင့် မှိုဟင်းခူးဇောင် လားကတ်မေယိမ်းအကဖြင့် ဖျော်ဖြေတင်ဆက်ခဲ့သည့် ဗီဒီယိုအားပြသပြီး ယခုနှစ်တွင် MSME ထုတ်ကုန်ပြပွဲ၌ ဖျော်ဖြေတင်ဆက်မည့် သာလီစွရခိုင်ပြည်နယ်ယိမ်းအကဖြင့် ဂါရဝပြုတင်ဆက်ကြသည်။ ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ ဂုဏ်ပြုညစာစားပွဲအခမ်းအနားတွင် ဖျော်ဖြေတင်ဆက်မည့် ရခိုင်တိုင်းရင်း သားရိုးရာယဉ်ကျေးမှုအကအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်သည်။

တင်ထွန်း (ပြန်/ဆက်)ဓာတ်ပုံ- ဝင်းမင်းစိုး