ဗဟန်း ဇန်နဝါရီ ၃၁
မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်းဗဟိုအလုပ်အမှုဆောင် အဖွဲ့အစည်းအဝေးနှင့် စာအုပ်၊စာစောင်များ လှူဒါန်းခြင်း အခမ်းအနားကို ဇန်နဝါရီ ၃၁ ရက် နံနက် (၁၀) နာရီက ရန်ကုန်မြို့၊ သိမ်ဖြူလမ်း၊ အမှတ် (၂၈) ရှိ မြန်မာနိုင်ငံ စာကြည့်တိုက်များဖောင်ဒေးရှင်း ရုံးအစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ဦးစွာ စာအုပ်လှူဒါန်းပွဲပြုလုပ်ရာ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးညွန့်ဆွေက နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ပြည်သူများ အသိဉာဏ်ပညာ ဗဟုသုတများ ဖွံ့ဖြိုးစေရန် ကျေးရွာနှင့်ရပ်ကွက်များတွင် ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်များ တည်ထောင်၍ စာပေများဖတ်ရှုနိုင်ရန် စာအုပ်စာစောင်များ ဖြန့်ဝေပေးပို့လျက်ရှိပါကြောင်း၊ ဖောင်ဒေးရှင်းအနေဖြင့် စာအုပ်များ ဝယ်ယူထောက်ပံ့ပေးသကဲ့သို့ အလှူရှင်များ လှူဒါန်းသည့် စာအုပ်များကိုလည်း ပေးပို့လှူဒါန်းပေးပါကြောင်း၊ စာကြည့်တိုက်များ၏ အသက်မှာစာအုပ်များဖြစ်ပါကြောင်း၊ စာအုပ်များရှိမှသာ စာဖတ်ရှုသူများ ဖတ်ရှုလေ့လာနိုင် မည်ဖြစ်ပါကြောင်း၊ အလှူရှင်များတိုးပွားလာသည်နှင့်အမျှ စာအုပ်များကို များများလှူနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် စာအုပ်အလှူရှင်များ တိုးပွားရေးအတွက် စည်းရုံးပေးကြရန် မေတ္တာရပ်ခံအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် အလှူရှင်များက စာအုပ်များလှူဒါန်းရခြင်းအကြောင်း ရှင်းလင်းပြောကြားပြီး စာအုပ်များ ပေးအပ်လှူဒါန်းရာ ဥက္ကဋ္ဌ ဦးညွန့်ဆွေက လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာပြန်လည်ပေးအပ်၍ ကျေးဇူးတင်စကား ပြောကြားသည်။
ယနေ့ လှူဒါန်းမှုပွဲတွင် ဒေါက်တာ ဒေါ်အေးအေးမြင့် (ဇီဝိတဒါနသံဃာ့ဆေးရုံကြီး) က ဆေးပညာဆိုင်ရာ စာအုပ်များနှင့် သုတရသစာအုပ်များ (၄၆၀) အုပ်၊ သုမ္မမဏိဇောတမရ ဦးသန်းနိုင် (စံတော်ဝင်)က သုတရသစာအုပ် (၈၇၅) အုပ် ၊ ပန်းတနော်ခင်မောင်မြင့် (ဗိုလ်မှူးကြီး- ငြိမ်း) က သုတရသစာအုပ် (၆၉၀) အုပ်၊ သူရဦးမြင့်မောင် (ပြည်ထောင်စုဝန်ကြီး - ငြိမ်း)က သုတရသစာအုပ် အုပ်ရေ (၁၀၀) စုစုပေါင်း အုပ်ရေ (၂၁၂၅) အုပ်၊ တန်ဖိုး (၆၆၅၅၅၀၀/-) ကျော် ဖြစ်ပြီး ဗဟိုအလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးကို ဆက်လက်ပြုလုပ်၍ ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)