(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မှန်ပြတောင်လမ်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

ရန်ကုန် ဇန်နဝါရီ ၃၁

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ ချင်းကုန်းကျေးရွာအုပ်စု၊ ကျားချောင်းကျေးရွာတွင် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မှန်ပြတောင်လမ်း ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါလမ်းရှိ ယာယီမဏ္ဍပ်တွင် ကျင်းပသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး ဒေါ်မော်မော်သန်း၊ ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်သူများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး၊ ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးသက်ဇော် က စီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ကျေးရွာရပ်မိရပ်ဖများကိုယ်စား တိုက်ကြီးမြို့နယ်၊ ချင်းကုန်းကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးထွန်းမြတ်အောင်က ကျေးဇူးတင်စကား ပြောကြားသည်။

ထို့နောက် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မှန်ပြတောင်လမ်း ဖွင့်ပွဲ ကို ရန်ကုန်တိုင်းဒေသကြီး၊ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစိုးထွန်းနိုင်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ အင်ဂျင်နီယာချုပ် (တည်ဆောက်ရေး) ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံ ဦးဇော်မိုးဦး၊ တိုက်ကြီးခရိုင်၊ စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသူအောင်နှင့် တိုက်ကြီးမြို့နယ်၊ ချင်းကုန်းကျေးရွာအုပ်စု၊ အုပ်ချုပ် ရေးမှူး ဦးထွန်းမြတ်အောင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

၎င်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့က တိုက်ကြီးခရိုင်၊ တိုက်ကြီး မြို့နယ်၊ ချင်းကုန်းကျေးရွာအုပ်စု၊ ကျားချောင်းကျေးရွာ၊ မှန်ပြတောင်လမ်းအား လှည့်လည်ကြည့်ရှု စစ်ဆေးပြီး ဒေသခံပြည်သူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

အဆိုပါ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ ချင်းကုန်းကျေးရွာအုပ်စု၊ ကျားချောင်းကျေးရွာ၊ မှန်ပြတောင် လမ်းသစ်သည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဘဏ္ဍာရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် မှန်ပြတောင်လမ်းသစ်ဖြစ်ပြီး အကျယ်(၁၄)ပေ၊ လမ်းအရှည် (၂/၃)မိုင် ဖြစ်ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)