နဝမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ စတုတ္ထအစည်းအဝေးနှင့် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဒုတိယအစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ဆောင်ရွက်

မရမ်းကုန်း ဇန်နဝါရီ ၃၁

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှ ၁၇ ရက်နေ့အထိ ကျင်းပမည့် နဝမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီစတုတ္ထ အစည်းအဝေးနှင့် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှ ၂၁ ရက်နေ့ အထိ ကျင်းပမည့် နဝမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဒုတိယအစည်းအဝေးများ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန (ရန်ကုန်ရုံးခွဲ)၊  အစည်းအ‌ဝေးခန်းမတွင် ကျင်းပခဲ့သည်။

ရှေ့ဦးစွာ အစည်းအဝေးကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီးနဝမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ စတုတ္ထအစည်းအဝေးနှင့် နဝမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့၊ ဒုတိယအစည်းအဝေးများ ကျင်းပရေး လုပ်ငန်းကော်မတီဝင် သာသနာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းရွှေလွင်က အဖွင့်အမှာစကား ပြောကြားပြီး သာသနာရေးရာနှင့်ဝိနိစ္ဆယဌာနခွဲ၊ ညွှန်ကြားရေးမှူး ဦးစိန်လင်းက ကြိုတင်ပြင်ဆင်ထားမှု လုပ်ငန်းအခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ သက်ဆိုင်ရာကော်မတီဝင်များက မိမိတို့ကဏ္ဍအလိုက် တင်ပြဆွေးနွေးပြောကြားခဲ့ပြီး အစည်းအဝေး ကျင်းပရေးလုပ်ငန်းကော်မတီဝင် သာသနာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းရွှေလွင်က တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး  နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကာ အစည်းအဝေးကို “ဗုဒ္ဓသာသနံစိရံတိဋ္ဌတု" သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းခဲ့သည်။

ယဉ်မော်(ပြန်/ဆက်)