စစ်တွေ ဇန်နဝါရီ ၃၁
(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်တွေမြို့၊ မင်းဂံဆင်းလမ်း ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါလမ်း၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယကဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ ရပ်ကွက်နေပြည်သူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၊ ညွှန်ကြားရေးမှူး ဦးကျော်မိုးက ကွန်ကရစ်လမ်းသစ်ဆောင်ရွက်ပေးခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများအား ပြည်နယ်သယံဇာတရေးရာဝန်ကြီးနှင့် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက လမ်းဖွင့်ပွဲအထိမ်းအမှတ်အလံများ ပေးအပ်ကြသည်။ ယင်းနောက် ရပ်ကွက်နေပြည်သူ တစ်ဦးက လမ်းအဆင့်မြှင့်တင်ကာ ဖွင့်လှစ်ပေးခြင်းအပေါ် ကျေးဇူးတင်စကားပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး၊ ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများက စစ်တွေမြို့၊ မင်းဂံရပ်ကွက်၊ မင်းဂံဆင်းလမ်း ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်ပွဲလှစ်ပေးကြကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကွန်ကရစ်လမ်းတလျောက် လှည့်လည်ကြည့်ရှုစစ်ဆေးကြပြီး လမ်းဖွင့်ပွဲသို့တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများက ကွန်းကရစ်လမ်းဖွင့်ပွဲတွင် တက်ရောက်ပါဝင် တီးခတ်ဖျော်ဖြေပေးကြသော အခြေခံပညာ ကျောင်းများမှ ပန်းဖွားအဖွဲ့၊ ဘင်ခရာအဖွဲ့နှင့် အေရိုးဗစ်အကအဖွဲ့ များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြသည်။
ယခုဖွင့်လှစ်သော စစ်တွေမြို့၊ မင်းဂံရပ်ကွက်၊ မင်းဂံဆင်းလမ်းမှာ အရှည်(၁၄၀၀)ပေ၊ အကျယ်(၂၄)ပေ၊ ထု(၈) လက်မဖြစ်ပြီး ပြည်နယ်အစိုးရအဖွဲ့ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
တင်ထွန်း(ပြန်/ဆက်)