ထန်းတပင်မြို့နယ်၌ တောင်သူများ ဓါတ်မြေသြဇာ စနစ်တကျ သုံးစွဲတက်စေရေးအတွက် မြေသြဇာများ လက်တွေကြဲပက်ပြသပေး

ထန်းတပင်(ရန်ကုန်) ဇန်နဝါရီ ၃၁

စပါးပင်သက်တမ်းတစ်လျှောက် တောင်သူများ ဓါတ်မြေသြဇာကို စနစ်တကျ သုံးစွဲတက်စေရန် ရည်ရွယ်၍ ဇန်နဝါရီ (၃၁)ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ရေပေါ်သောင်ကျေးရွာအုပ်စု၊ ရေပေါ်သောင်ကျေးရွာရှိ နွေစပါးဧက (၁၀၀)စံပြကွက်တွင် မြေသြဇာကြဲပက်ပွဲနှင့် ဓါတ်မြေသြဇာပေးအပ်ပွဲ အခမ်းအနားကို တာဝန်ရှိသူများက ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မှော်ဘီခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးထွန်းလွင်က အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်နိုင်ဦးက နွေစပါး ဧက(၁၀၀)စံပြစိုက်ခင်းတွင် မြေသြဇာကြဲပက်ပွဲနှင့် ဓါတ်မြေသြဇာပေးအပ်ပွဲ ဆောင်ရွက်ရခြင်းနှင့် ပတ်သက်၍  တက်ရောက်လာကြသည့် ဒေသခံတောင်သူများကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ ဒေသခံတောင်သူများထံသို့ ယူရီးယားဓါတ်မြေသြဇာများနှင့် နွေစပါးမျိုးစေ့ချကိရိယာ (Drum Seeder) များကို  မှော်ဘီခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးထွန်းလွင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်နိုင်ဦးနှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့ကြပြီး နွေစပါးဧက (၁၀၀)စံပြစိုက်ခင်း ကွင်းအမှတ် (၁၂၃/က)၊ ဦးပိုင် (၅၉/ခ) တောင်သူ ဦးသန်းထွန်းလေး၏ နွေစပါးစံပြကွက်တွင် မြေသြဇာများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဒေသခံတောင်သူများအား စနစ်တကျ လက်တွေ့ကြဲပက်ပြသပေးခဲ့ကြသည်။
ဇင်မင်းထိုက်(ထန်းတပင်)