ကျိုင်းတုံ၊ ဇန်နဝါရီ ၃၀
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ခရိုင်များအလိုက် ပါဝင်ဆောင်ရွက်ခဲ့သည့် နည်းပညာအထောက်အကူပြုအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ကျိုင်းတုံမြို့၌ကျင်းပပြုလုပ်ရာ နည်းပညာအထောက်အကူပြုအဖွဲ့များဖြစ်ကြသည့်ကျိုင်းတုံတက္ကသိုလ်၊ Polytechnic University (ကျိုင်းတုံ)၊ ကျိုင်းတုံပညာရေး ဒီဂရီကောလိပ်၊ အစိုးရနည်းပညာအထက်တန်းကျောင်း(ကျိုင်းတုံ)နှင့် အခြေခံပညာဦးစီးဌာနတို့မှ ဆရာ/ ဆရာမများ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ပြည်နယ်ခွဲ/ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး အဆင့်ဆင့်မှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မိုးက ၂၀၂၅ ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁/၂/ ၃) အား သတ်မှတ်ရက်များတွင် အောင်မြင်စွာကျင်းပပေးနိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲအပိုင်း အားလုံးတွင် နည်းပညာအထောက်အကူပြုအဖွဲ့များမှ ဆရာဆရာမများ အနေဖြင့် မြန်မာအီလက် ထရောနစ်မဲပေးစက် (MEVM) များအား Installation ပြုလုပ်ခြင်းနှင့် ရပ်ကွက်/ကျေးရွာအုပ်စုများရှိ မဲရုံများတွင် ဖြစ်ပေါ်လာနိုင်သည့် စက်ပိုင်းဆိုင်ရာချို့ယွင်းမှုများအား အချိန်နှင့်တစ်ပြေးညီ ဖြေရှင်းဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ၌ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ပါဝင်ဆောင်ရွက်ခဲ့သည့် သက်ဆိုင်ရာ ခရိုင်အလိုက် နည်းပညာအထောက်အကူပြုအဖွဲ့များမှ ဆရာ/ဆရာမများအား ကျေးဇူးအထူး တင်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက်အပိုင်းလိုက်ပါဝင်ဆောင်ရွက်ခဲ့သည့် နည်းပညာအထောက်အကူပြုအဖွဲ့များအား တာဝန်ရှိသူများမှ ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ပြီး နည်းပညာအထောက်အကူပြုအဖွဲ့များကိုယ်စား ကျိုင်းတုံတက္ကသိုလ်မှ တွဲဖက်ပါမောက္ခ ဒေါက်တာဇော်ဝင်းက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)