ကျောက်ဆည် ဇန်နဝါရီ ၃၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဆည်၊ မြောင်း၊ ချောင်း၊ ကန် ပေါများသော်လည်း အနောက်ရေဖျားတော ကျေးရွာမှ တောင်သူများသည် မိုးကောင်းသောက် (မိုးရေနှင့်)၊ မြေအောက်(အဝီစိ) ရေများကို အဓိကထားပြီး စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ရသည့်အတွက် ယာသီးနှံများ အဓိကထားစိုက်ပျိုးကြပြီး တောင်သူဦးဖိုးဖဲ စိုက်ပျိုးထားသည့် ငှက်ပျောသီးနှံများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ငှက်ပျောသီးနှံသည် မိသားစုတစ်နိုင်တစ်ပိုင် စိုက်ပျိုးနိုင်ပြီး အလုပ်သမား အခက်အခဲမရှိသည့် သီးနှံ တစ်မျိုးဖြစ်ကာ သွင်းအားစုမြင့်မားခြင်းများလည်း မရှိသောကြောင့် အနောက်ရေဖျားတော် ကျေးရွာမှ တောင်သူများ ပိုမိုစိုက်ပျိုးလာကြောင်း၊ ငှက်ပျောစိုက်တောင်သူများထံမှ သိရသည်။
အနောက်ရေဖျားတော် ကျေးရွာမှတောင်သူများသည် ငှက်ပျောစိုက်ပျိုးရာ၌ တစ်ပင်နှင့်တစ်ပင် ၂ ပေခန့်အကွာ တစ်တန်းနှင်တစ်တန်း (၁၀)ပေ ခန့်အကွာ ဒေသအခေါ် နှစ်ပင်တန်း (စွယ်စုံ) စိုက်ပျိုး ကြကြောင်း၊ ရာသီဥတု ကောင်းမွန်ပြီး စိုက်ပျိုးမြေကောင်းမွန်ပါက စိုက်ပျိုးပြီး(၈)လအကြာတွင် အဖူးများ စတင်ထွက်ရှိပြီး (၁၂) အကြာတွင် ငှက်ပျောအခိုင်များ စတင်ခုတ်ရောင်းယူရောင်းချရကြောင်း၊ နှစ်ပင်တန်း(စွယ်စုံ) စိုက်ပျိုးမည်ဆိုပါက မြေတစ်ဧက၌ ငှက်ပျောအပင်ရေ (၈၀၀)ပင်ခန့် စိုက်ပျိုးနိုင်ကြောင်း၊ စတင်စိုက်ပျိုးချိန်၌ အလုပ်သမား အများအပြား အသုံးပြုရပြီး ကျန်အချိန်များ၌ မိသားစုတစ်နိုင်တစ်ပိုင် စိုက်ပျိုးနိုင်ပြီး ရောင်းချရာ၌ ငွေအလုံးအရင်းရရှိပြီး အကျိုးအမြတ်များ ရရှိသည့် သီးနှံဖြစ်ကြောင်း သိရသည်။
ကျေက်ဆည်မြို့နယ်တွင် ငှက်ပျောသီးနှံများကို တောင်နောက်၊ သင်တောင်း၊ အင်တိုင်း၊ ကြက်မင်းတွန်၊ ဖောင်ရွာ ပတ္တာ၊ ပင်တလည်၊ ပြည်ပန်း၊ သမန္တလင်း၊ မြင်းကဘက်၊ မုန့်ပေါင်း၊ လက်ပန်ဇင်၊ ဖျောက်ဆိပ်ပင်၊ ရွာသစ်၊ ရေသရောက်၊ ချောင်းဆုံ၊ သရက်ပင်၊ ရဲ၊ ကြောင်၊ ဇရစ်ခဲ၊ အုန်းကြော၊ ကြက်သားဟင်း၊ ကျေးရွာများတွင် စိုက်ပျိုးထာကြကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)