ရန်ကုန် ဇန်နဝါရီ ၃၁
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းသော (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ပထမဦးဆုံးအကြိမ် (၃၇)ကီလိုမီတာ အမျိုးသား(အလွတ်တန်း) Mountain Bike စက်ဘီးပြိုင်ပွဲ ၂၀၂၆ ခုနှစ်ကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ အိုးတန်းရပ်ကွက်၊ ရန်ကုန်-ပြည်လမ်း၊ တိုက်ကြီးလျှပ်စစ်ရုံးရှေ့တွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး ဒေါ်မော်မော်သန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ပြိုင်ပွဲဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ပထမဦးဆုံးအကြိမ် (၃၇)ကီလိုမီတာ အမျိုးသား (အလွတ် တန်း) Mountain Bike စက်ဘီးပြိုင်ပွဲ ၂၀၂၆ ခုနှစ်အား သေနတ်ပစ်ဖောက် တာလွှတ်ပေးခဲ့ပြီး စက်ဘီး စီးအားကစားသမားများနှင့် စက်ဘီးစီးအားကစား ဝါသနာပါသူများက စိတ်လက်ပေါ့ပါးတက်ကြွစွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့က ပန်းဝင်လာသည့် အားကစားသမားများအား ကြိုဆိုကြသည်။
ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ ဆုရစက်ဘီးစီးအားကစားသမားများ ကွင်းအတွင်းနေရာယူခဲ့ကြပြီး (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ပထမဦးဆုံးအကြိမ် (၃၇)ကီလိုမီတာ အမျိုးသား(အလွတ်တန်း) Mountain Bike စက်ဘီးပြိုင်ပွဲ ၂၀၂၆ ခုနှစ်တွင် ဆုရရှိကြသူများ၊ အသက်အကြီးဆုံး/အသက်အငယ်ဆုံး အားကစား သမားများနှင့် နှစ်သိမ့်ဆုရရှိသူများကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ဇနီး ဒေါ်မော်မော်သန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၎င်းတို့၏ ဇနီးများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် ပန်းဝင်သူအားလုံးကိုလည်း ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကာ ရေသန့်၊ အအေးနှင့် ဒံပေါက်များကျွေးမွေးခဲ့ကြသည်။
အဆိုပါ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ပထမဦးဆုံးအကြိမ် (၃၇)ကီလိုမီတာ အမျိုးသား(အလွတ်တန်း) Mountain Bike စက်ဘီးပြိုင်ပွဲ ၂၀၂၆ ခုနှစ်ကို တိုက်ကြီးမြို့နယ်၊ ရန်ကုန်-ပြည်လမ်း၊ တိုက်ကြီးလျှပ်စစ်ရုံးရှေ့မှ တာလွှတ်၍ ပြည်လမ်းအတိုင်း တိုက်ကြီး- ဖောင်ကြီးလမ်း- ခရိုင်ချင်းဆက်လမ်း- မှန်ပြတောင်- ကန်သာယာလမ်းဆုံ-ဂျိုးဖြူကန် လမ်းအတိုင်း ရန်ကုန်-ပြည်လမ်း၊ တိုက်ကြီးလျှပ်စစ်ရုံးရှေ့အထိ သတ်မှတ်ထားပြီး ဧရာဝတီတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်(၉)ဦး၊ မန္တလေးတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင် (၁၀)ဦး၊ မွန်ပြည်နယ်မှ ပြိုင်ပွဲဝင်(၁၁)ဦး၊ မကွေးတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင် (၅)ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ ပြိုင်ပွဲဝင် (၁၈၉)ဦး၊ စုစုပေါင်း ပြိုင်ပွဲ ဝင် (၂၂၄)ဦးတို့ ဝင်ရောက်ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)