ရန်ကုန် ဇန်နဝါရီ ၃၁
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(မြို့မ)တွင်ကျင်းပရာ ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး ဒေါ်မော်မော်သန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများနှင့် တာဝန်ရှိသူများက တက်ရောက်အားပေးကြသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့က ကျောင်းသား၊ ကျောင်းသူများက ဘင်ခရာတီးဝိုင်းနှင့် ပန်းပွားအကဖြင့် ဖျော်ဖြေနေမှုအား ကြည့်ရှုအားပေးသည်။
ထို့နောက် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေး အခမ်းအနားအား ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူး ဒေါက်တာ ချိုချိုမြတ်အောင်၊ ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဥမ္မာချို၊ တိုက်ကြီးခရိုင်၊ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသူအောင်၊ အခြေခံပညာအထက်တန်းကျောင်း(မြို့မ)မှ ကျောင်းအကျိုးတော်ဆောင် ဦးမျိုးသန့်နှင့်တာဝန်ရှိသူများက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့က စာဖတ်ခြင်း၏အကျိုးကျေးဇူး ခေါင်းစဉ်ဖြင့် စာပေဟောပြောမည့် စာရေးဆရာမပေါက်ပေါက်ကို ဂုဏ်ပြုလက်ဆောင်အား လည်းကောင်း၊ ဖျော်ဖြေရေးအဖွဲ့များကို ဂုဏ်ပြုချီးမြှင့်ငွေများအားလည်းကောင်း၊ ကျောင်းစာကြည့် တိုက်များအတွက် သုတ/ရသစာအုပ်များကို အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများအား လည်းကောင်း အသီးသီးပေးအပ်ခဲ့ကြသည်။
၎င်းနောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့က အခမ်းအနားအတွင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ နံရံကပ်စာစောင်၊ ဓာတ်ပုံနှင့်စာအုပ်ပြပွဲ၊ ပညာရေးဌာန ပြခန်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြခန်း၊ စိုက်ပျိုးရေးဦးစီးဌာန ပြခန်း၊ စားသုံးသူရေးရာဦးစီးဌာန ပြခန်း၊ ယာဉ် စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ပြခန်း၊ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ ပြခန်း၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းပြခန်း၊ မီးသတ်ဦးစီးဌာနပြခန်း၊ ဂိမ်းကစားနည်း ပြိုင်ပွဲများ၊ ကျောင်းသား၊ ကျောင်းသူများ တီထွင်စမ်းသပ်ထားသည့်ပြခန်းနှင့် ကျောင်းသင်ခန်းစာ လက်တွေ့အသုံးချမုန့်အရောင်းဆိုင်များ၊ မုန့်လုပ်ငန်းရှင်များအသင်း အရောင်းပြခန်းများ၊ သမဝါယမအသင်းသား များ၏ လက်မှုပြခန်းများနှင့် တိုင်းရင်းသားရိုးရာအကအလှများကို လှည့်လည်ကြည့်ရှုအားပေးသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့က အခမ်းအနားအတွင်း ကျောင်းသား၊ ကျောင်းသူများ၏ ပန်းချီပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုများနှင့် စာပေ စကားဝိုင်းဆွေးနွေးပွဲကို ကြည့်ရှုအားပေးသည်။
ထို့နောက်အခမ်းအနားတွင် စာရေးဆရာမပေါက်ပေါက်က စာဖတ်ခြင်း၏အကျိုးကျေးဇူးခေါင်းစဉ်ဖြင့် ဟောပြောပြီး ကျောင်းသား၊ ကျောင်းသူများက တေးသီချင်းအကတို့ဖြင့် အသီးသီးဖျော်ဖြေ တက်ဆက်ခဲ့ကြကြောင်း သိရသည်။
ဇွဲထက်ကို