မလှိုင်မြို့နယ်၌ ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မလှိုင် ဇန်နဝါရီ ၃၁

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်တွင် ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက မလှိုင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပကြောင်းသိရသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မလှိုင်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်အောင်ဝင်းက အမှာစကား ပြောကြားရာတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနအနေဖြင့် ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုအားကောင်းစေရန်အတွက် အသက်အရွယ်အလိုက် (၁)နှစ်အောက်၊ (၅)နှစ်အောက်၊ (၁၅)နှစ်အောက်စသည်ဖြင့် ကလေးငယ်များအတွက် လိုအပ်သည့် ကာကွယ်ဆေးများကို ကလေးတိုင်းဆီသို့ရောက်ရှိအောင် နည်းလမ်းမျိုးစုံဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ရောဂါဖြစ်မှကုသခြင်းထက် ရောဂါမဖြစ်ခင် ကြိုတင်ကာကွယ်ခြင်း လုပ်ငန်းသည် ပို၍ကောင်းမွန်ကြောင်း၊ ကာကွယ်ဆေးထိုးနှံမှု မပြုလုပ်နိုင်ပါကလည်း ကာကွယ်ဆေးထိုးနှံလွှမ်းခြုံမှု ရာခိုင်နှုန်း ပိုမိုကောင်းမွန်အောင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။

ဆက်လက်၍   လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာသူများအား ကျန်းမာရေးဝန်ကြီး ဌာ၏ လုပ်ငန်းဆောင်ရွက်မှုများကို Advocacy Video Clip ဖြင့် ပြသပေးသည်။

ထို့နောက် မလှိုင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန့်ဇင်လတ်က လက်ရှိဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကိုဆွေးနွေးရာတွင် မလှိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာ အုပ်စုများတွင် အသက်အရွယ်အလိုက် ကာကွယ်ဆေးထိုးနှံ ဆောင်ရွက်နေသည့် လုပ်ငန်းများ၊ ကာကွယ်ဆေးရရှိမှုအခြေအနေများ၊ ကာကွယ်ဆေးအမျိုးအစားအလိုက် သတ်မှတ်ရက်အတွင်း အကြိမ်ပြည့် ထိုးနှံမည့် လုပ်ငန်းများ၊ ရပ်ကွက်/ကျေးရွာများနှင့်အခြေခံပညာကျောင်းများမှ ကာကွယ်ဆေးထိုးနှံမည့် လူဦးရေစာရင်းများ ရရှိရေးဆောင်ရွက်ထားရှိမှု၊ ယခင်နှစ်ဆေးထိုးနှံခြင်းလုပ်ငန်းများနှင့် စပ်လျဉ်း၍အကြောင်း အရာများ၊ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများကို အသိပေးဆွေးပြောကြားသည်။

ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ကျန်းမာရေးဝန်ထမ်းများက ပုံမှန်ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများနှင့် ပတ်သက်၍ ကဏ္ဍအလိုက် အကြံပြုဆွေးနွေးကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)