ဝမ်းတွင်း ဇန်နဝါရီ ၃၁
ပုဂံခေတ် ပေါက္ကံ ရာဇာအနော်ရထာမင်းလက်ထက် ကျန်စစ်သားမင်းနှင့် မိဖုရားခင်တန်တို့ တည်ထားကိုးကွယ်ခဲ့သော သမိုင်းဝင်မြတ်ညီနောင်စေတီတော်မြတ်ကြီး၏ ၆၅ ကြိမ်မြောက် ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကြီးတွင် မြန်မာ့ရိုးရာနွားအလှနှင့် လှည်းပြိုင်ပွဲကြီးကို စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့ရှိ သမိုင်းဝင်မြတ်ညီနောင် စေတီတော် ၂ ဆူသည် အနော်ရထားမင်းကြီး၏သားတော် ကျန်စစ်သားမင်းနှင့် မိဖုရားခင်တန်တို့ တည်ထားကိုးကွယ်ခဲ့သော ရှေးဟောင်းသမိုင်းဝင် စေတီတော်ကြီးဖြစ်ပြီး သမိုင်းဝင်အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်သည့်အနေဖြင့် ပွဲတော်များကို ယနေ့တိုင်ကျင်းပခဲ့ရာ ၆၅ ကြိမ်မြောက်ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကြီးတွင် မြန်မာ့ရိုးရာနွားအလှနှင့် လှည်းပြိုင်ပွဲကြီးကို စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။ မြန်မာ့ရိုးရာနွားအလှနှင့် လှည်းပြိုင်ပွဲကြီးတွင် (၁) နွားကြီးခြေအသွားကျလှည်း၊ (၂)နွားလတ်ခြေအသွားကျလှည်း၊ (၃) နွားငယ်ခြေအသွားကျလှည်း၊ (၄) နွားငယ်ဗလာ ခြေအသွားကျ စသည့်ပြိုင်ပွဲများပါဝင် ကြောင်းသိရသည်။
အဆိုပါ ဝမ်းတွင်းမြို့ရှိ သမိုင်းဝင်မြတ်ညီနောင်စေတီတော်မြတ်ကြီး၏ ၆၅ ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်ကြီးကို ၂၀၂၆ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့မှ စတင်ကာ ဖေဖော်ဝါရီ ၂ ရက်နေ့အထိ ပျော်ပွဲရွှင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ရွှေလွန်းပျံ