နမ့်စန်(တ) ဇန်နဝါရီ ၃၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ပညာသင်နှစ် ဒုတိယနှစ်ဝက်ဆုံးစာမေးပွဲကျင်းပမည့်ကာလအတွင်း မီးလောင်မှု၊ မီးလန့်မှု စသည့်မီးဘေးအန္တရာယ်များမဖြစ်ပွားဘဲ ကျောင်းသား၊ ကျောင်းသူများအေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရန်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့သည် ယနေ့ နေ့လယ် ၁၁ နာရီက မြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးဇင်မင်းထွန်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်အောင်နှင့်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးဇော်ခိုင်လင်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကျောင်းခန်းများ မီးဘေးလုံခြုံရေးစစ်ဆေးပေးခြင်း၊ မီးသတ်ဆေးဘူးများစစ်ဆေးပေးခြင်း၊ လျှပ်စစ်မီးသွယ်တန်းထားမှု အခြေအနေများကြည့်ရှုစစ်ဆေးခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုတို့ကို စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို သက်ဆိုင်ရာတာဝန်ရှိသူများက ပေါင်းစပ်ဆောင်ရွက် ပေးခဲ့ကြသည်။
အဆိုပါမီးဘေးလုံခြုံရေးစစ်ဆေးဆောင်ရွက်ခြင်းကို အမှတ် (၃) ရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်းခွဲ၊ အမှတ်(၅)ရပ်ကွက် အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)နှင့် အမှတ်(၂)ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း(နမ့်စန်)တို့တွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သူရအောင်(နမ့်စန်)